ရွှေပေါက်ကံ မြို့သစ်ရပ်ကွက်ရုံးကို မြို့ပြပြောက်ကျား မိုင်းခွဲ ဗုံးပစ်

ဓာတ်ပုံ - ပေးပို့
ပုံစာ - မိုင်းခွဲတိုက်ခိုက်ခဲ့သည့် ရွှေပေါက်ကံမြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး

ရန်ကုန်တိုင်း ၊ မြောက်ဥက္ကလာပမြို့နယ် ၊ ရွှေပေါက်ကံ မြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မြို့ပြပြောက်ကျားများက ပြင်းအားမြင့်မိုင်းနှင့် လက်ပစ်ဗုံးတို့ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၉ ရက်၊ ည ၉ နာရီ မိနစ် ၅၀ ခန့်တွင် ရွှေပေါက်ကံမြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ အုပ်ကြီးနှင့် ပျူစောထီး ၇ ဦးခန့်ရောက်ရှိနေစဉ် ပြင်းအားမြင့် မိုင်း ၂ လုံးနှင့် လက်ပစ်ဗုံး တစ်လုံး အသုံးပြုကာ တိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) က သတင်းထုတ်ပြန်ထားသည်။

“အုပ်ကြီးပါထိဖို့များတယ်။ သူအပါအဖွဲ့ ဝင်ဝင်ချင်းလုပ်တာ။ မိုင်းနဲ့ခွဲပြီး အသီးပါထပ်ထုခဲ့တာ။ ၆ယောက်၊၇ယောက်လောက်ရှိမယ်။ ပျူတွေက ဆိုင်ကယ်တွေနဲ့အနောက်ကလိုက်တယ်။ ဘေးမှာရဲစခန်းတော့မရှိဘူး။ ပါတီရုံးတွေများတယ်”ဟု Yangon Army (YA)မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ယင်းတိုက်ခိုက်မှုကို Yangon Army(YA)နှင့် ရန်ကုန် အနောက်ပိုင်းခရိုင် ပကဖတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်း ဖြစ်သည်။

“အုပ်ကြီးတွေအားလုံးကအတူတူပဲ။ ညဘက် ဧည့်စစ် ပြန်ပေးဆွဲ ၊ပိုက်ဆံတောင်း ပိုက်ဆံမပေးနိုင်တဲ့ သူဆို စမထ (စစ်မှုထမ်း)ထဲထည့်။ တခြားလိုအပ်တဲ့ မြို့ကို ပြန်ရောင်းစား။ ရတဲ့ပိုက်ဆံ အဆင့်ဆင့် ခွဲတမ်းယူကြတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

နိုဝင်ဘာ ၁၉ ရက်၊ ညနေ ၆ နာရီဝန်းကျင်တွင်လည်း လှည်းကူးမြို့နယ် ၊ ဇရပ်ကွင်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးကို Yangon Army(YA)နှင့် ရန်ကုန် အနောက်ပိုင်းခရိုင် ပကဖတို့က ပြင်းအားမြင့်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။