မကွေးတိုင်း၊ မြိုင်မြို့နယ် ကံကြီးရွာကို သန်းခေါင်းယံအချိန်တွင် စစ်တပ်က ဗုံးကြဲချခဲ့ရာ ပြည်သူ ၅ဦးသေဆုံးပြီး ၁၄ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁၉ရက်၊ သန်းခေါင်းယံ ၁၂နာရီ ၁၀မိနစ်ခန့်တွင် ကံကြီးကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ဗုံး ၂လုံးကြဲချတိုက်ခိုက်ခဲ့ရာ ဒဏ်ရာရသူများထဲမှ သေဆုံးသူ ထပ်တိုးလာနိုင်ကြောင်း မြိုင်ပကဖ ထံက သိရသည်။
” ကံကြီးကျေးရွာရဲ့ ရွာအလယ်ကို ကြဲသွားတာ။ သေဆုံးတာတွေ ဘာတွေထဲမှာ ရဲဘော်ဆို တာတစ်ယောက်မှ မပါပါဘူး။ ပြည်သူတွေပဲ ထိခိုက်ဒဏ်ရာရတာနဲ့ ပြည်သူ့နေအိမ်တွေပျက်စီးတာနဲ့ ပြည်သူသေဆုံးတာပဲရှိတာပေါ့” ဟု မြိုင်ပကဖတာဝန်ခံ ကိုလက်ျာက MPA သို့ပြောသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဦးစိုးထွန်း(၅၆ နှစ်)၊ မောင်ခန့်ဇင်ကို (၁၉နှစ်)၊မောင်စွမ်းခန့်နိုင် (၁၅နှစ်) နှင့် ဦးလှနိုင် (အသက်၄၀ )တို့ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ယနေ့(နိုဝင်ဘာ ၂၀ရက်) နံနက်ပိုင်းမှ ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကာ အမည်နှင့်အသက်အရွယ်ကို မသိရသေးကြောင်း ၎င်းကဆိုသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် အလုံး ၂၀ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။
” နေအိမ်က လုံးလုံးပျောက်သွားတာဆိုလို့ရှိရင် ၁၀လုံးလောက်တော့ရှိမယ်။ လုံးလုံးအကောင်း မကျန်တာပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။
ပေါက်နှင့်မြိုင်အစပ်ကို စစ်တပ်စစ်ကြောင်းထိုးနေသည်မှာ ၇ရက်ကြာပြီဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် နေ့စဉ်ထိတွေ့တိုက်ပွဲဖြစ်ပွားနေသော်လည်း ဗုံးကြဲခံရသည့် ကံကြီးရွာအနီး၌ မည်သည့်တိုက်ပွဲမှဖြစ်ပွားခဲ့ခြင်းမရှိပေ။
” စစ်ကြောင်းတော့မရှိဘူး။ ဒါပေမဲ့ သူတို့လူတွေခံရတာများတော့ ထင်ချက်သတင်းတွေနဲ့ နေရာစုံ လိုက်ကြဲနေတယ်လို့တော့ ယူဆရတာပေါ့” ဟု ၎င်းကပြောသည်။
ကံကြီးရွာသည် အိမ်ခြေ ၂၀၀ဝန်းကျင်ရှိပြီး အိမ်ထောင်စု ၂၁၀ကျော်ရှိကာ ဗုံးကြဲတိုက်ခိုက်မှု အပြီးတွင် ဒေသခံများလည်း ကျေးရွာစွန့် ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။
