အမျိုးသားညီညွတ်ရေးအစိုးရ၊ (NUG) ဝန်ကြီးချုပ်ရုံးမှ အဆင့်မြင့်အရာရှိများနှင့် ဝန်ထမ်းများ ၄ နှစ်တာကာလအတွင်း တစ်ဦးပြီးတစ်ဦး နုတ်ထွက်ကြပြီးနောက် အမြဲတမ်းအတွင်းဝန် မကြည်ပြာနှင့် ၎င်း၏ခင်ပွန်း ကိုညီညီမင်းတို့ကို တော်လှန်ရေးဘဏ္ဍာငွေ အလွဲသုံးစားမှု၊ အဂတိလိုက်စားမှုများနှင့် ဝန်ထမ်းများအပေါ် မတရားဖိနှိပ်မှုများ အကြောင်းကို ကြားသိလာခဲ့ရသည်။
ယင်းအကြောင်းအရာများကို MPA အနေဖြင့် စုံစမ်းနေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ဖိနှိပ်ခွဲခြားခံခဲ့ရသည့် သက်ဆိုင်ရာဝန်ထမ်းများနှင့် နောက်ဆုံးတွင် အချိတ်အဆက်မိကာ အကြောင်းအရာအသေးစိတ်နှင့် အချက်အလက်များကို ရရှိခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးမှ အဆင့်မြင့်အရာရှိများနှင့် ဝန်ထမ်းများကို အချိန်ယူ အင်တာဗျုးခဲ့သည်။
MPA သည် ၂၀၂၃ ခုနှစ်ကတည်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး၏ ငွေကြေး အရှုပ်များနှင့် ဖိနှိပ်မှု၊ အာဏာအလွဲသုံးစားမှုများကို စောင့်ကြည့်နေခဲ့သည်။
◼ ဝန်ထမ်းများအပေါ် ဖိနှိပ်မှုနှင့် ခွဲခြားဆက်ဆံမှုများ
NLD အစိုးရလက်ထက်တွင် ရန်ကုန်တိုင်းလွှတ်တော်၊ ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ခဲ့သည့် မကြည်ပြာသည် ယင်းကာလအတွင်း တိုင်းအစိုးရကို ထောက်ပြဝေဖန် ထိန်းကျောင်းခဲ့မှုများကြောင့် လူထုအကြား အမည်ကောင်းဖြင့် ကျော်ကြားခဲ့သူတစ်ဦးဖြစ်ခဲ့သည်။
သို့သော် စစ်တပ်အာဏာသိမ်းပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံး၌ အမြဲတမ်းအတွင်းဝန်ဖြစ်ခဲ့သည့် မကြည်ပြာသည် ၎င်း၏ ခင်ပွန်းဖြစ်သူ ကိုညီညီမင်းနှင့်အတူ ရုံးမှ ဝန်ထမ်းများကို ဖိနှိပ်မှုများကြောင့် ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအထိ သုံးနှစ်တာကာလအတွင်း ဝန်ထမ်း ၁၉ ဦးအထိ နုတ်ထွက်ခဲ့သည်။
နုတ်ထွက်သူများတွင် Oxford တက္ကသိုလ်မှ ဘွဲ့ရ၊ NLD အဖွဲ့ဝင် လူငယ်ပညာတတ်အမျိုးသမီးများ၊ အစိုးရအဆင့်မြင့်အရာရှိအဖြစ် နှစ်ပေါင်း ၃၀ ကျော်ကြာလုပ်ဆောင်ခဲ့သည့် CDM အရာရှိ နှင့် အရာရှိငယ် CDM များ ပါဝင်ကြသည်။ မကြည်ပြာနှင့် ၎င်း၏ခင်ပွန်း ကိုညီညီမင်းတို့သည် “ဝန်ကြီးချုပ်ရုံးကို မိသားစုစီးပွားရေးတစ်ခုကဲ့သို့ စီမံခန့်ခွဲနေမှု” နှင့် “ခေါင်းဆောင်ပိုင်းကိုယ်တိုင် ကျူးလွန်သော အဂတိတရားများ” ကို မခံရပ်နိုင်၍ နုတ်ထွက်ခဲ့ကြခြင်းဖြစ်ကြောင်း တင်ပြထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးဝန်ထမ်းများကို တော်လှန်ရေးကို ပျက်လိုပျက်စီးများပြုလုပ်သည်ဟုဆိုကာ ခြိမ်းခြောက်ခြင်း၊ ဖိအားပေးခြင်းများကို မကြည်ပြာနှင့် ကိုညီညီမင်းတို့ကပြုလုပ်ခဲ့ကြသည်။
“ ငါတို့PDF တွေရှိတယ် မဲဆောက်မှာဆိုရင် အလွယ်လေးရှင်းလိုက်လို့ရတယ်။” ဟု NUG နှင့် ဝန်ကြီးချုပ်ရုံးကို ဝေဖန်သူများကို ပြောဆိုသည့် ပုံစံဖြင့် ရုံးတွင်းဝန်ထမ်းများရှေ့တွင် မကြည်ပြာနှင့် ကိုညီညီမင်းက မကြာခဏ ပြောဆိုလေ့ရှိကြောင်း နုတ်ထွက်ခဲ့သူများက ပြောသည်။
ဝန်ကြီးဌာနချုပ်ရုံးတွင် ဝန်ထမ်းတစ်ယောက်ယောက်မှ အလွဲအမှားရှိပါက မကြည်ပြာ၏ ဝုန်းဒိုင်းကြဲ သောင်းကျန်းမှုများကြောင့် စိတ်မလုံမခြုံနှင့် အလုပ်လုပ်နေရပြီး အလုပ်ထွက်ပြီးနောက် စိတ်ပိုင်းဆိုင်ရာထိခိုက်ရသည့် အခြေအနေထိ ရောက်ရှိနေကြောင်း အမျိုးသမီးဝန်ထမ်းတစ်ချို့ကဆိုသည်။
ဝန်ကြီးချုပ်ရုံးတွင်အလုပ်လုပ်ရသည့် ဝန်ထမ်းများသည် အနည်းငယ်မျှသော ထောက်ပံ့ကြေးရရှိသော်လည်း ဝန်ထမ်းများအတွက် နေထိုင်ခွင့်အထောက်အထား ရဲကတ်၊ ပန်းရောင်ကတ် ပြုလုပ်ပေးခြင်းများ မပြုလုပ်ပေးသလို အန္တရာယ်များအကြားမှ နေ့စဉ်ရုံးလာတက်ရကြောင်း၊ နေ့စဉ်ကားဖြင့်ကြိုပို့ပေးသည့် ယာဉ်မောင်းသည်ပင်လျှင် ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်ခွင့် မည်သည့်အထောက်အထားမျှ မရှိကြောင်း ဝန်ထမ်းများကဆိုသည်။
“ ပထမ မွေးထားတဲ့ ကယ်လီဆိုတဲ့ခွေးလေး နေမကောင်းဖြစ်တော့ ညဖက်အချိန်မတော်ကြီး ကားဆရာကို ခေါ်ပြီး ခွေးဆေးခန်းသွားပြခိုင်းတယ်။ ကားဆရာက စက်ဘီးနဲ့ ညဖက် ၁၁ နာရီလာပြီး ခွေးဆေးခန်းပြပေးရတယ်။ နောက်ပြီး တနင်္ဂနွေနားရက်လဲ သူတို့မိသားစုကို စျေးပို့ခိုင်းတယ်။ နားရက်မရှိသလောက်ဘဲ၊ ညဘက် KTV၊ BAR သွားတာကို ရုံးကားဆရာကို အပြင်မှာထိုင်စောင့်ခိုင်းတာ။ အိမ်သာဆိုရင်လဲ သူတို့ မိသားစုသုံးတဲ့ အိမ်သာကို ဝန်ထမ်းတွေက သုံးခွင့်မရှိဘူး၊ ခွဲခြားဆက်ဆံတာပေါ့ ” ဟု နုတ်ထွက်ခဲ့သည့် အမျိုးသားဝန်ထမ်းတစ်ဦးက ပြောသည်။
ဝန်ထမ်းများသည် ဝန်ကြီးချုပ်ရုံးက ထောက်ပံ့သည့် ငွေမလုံလောက်သဖြင့် ရုံးချိန်ပြင်ပတွင် အခြားအလုပ်များ လုပ်ကိုင်ခြင်းကိုသိရှိပါက ခွင့်မပြုကြောင်း ယင်းသို့ထပ်မံမပြုလုပ်ရန် သတိပေးခြင်းများကိုလည်း ပြုလုပ်ခံခဲ့ရသည်။
“ တော်လှန်ရေးအစိုးရမှာ ဝင်လုပ်တယ်ဆိုတာ မတရားမှုကိုတော်လှန်နေတာ။ အခုလိုမတရားတာမျိုး ထပ်လုပ်တာမျိုးတော့ ကျမတို့ သည်းမခံနိုင်ဘူး “ဟု ဝန်ကြီးချုပ်ရုံးမှ နုတ်ထွက်ခဲ့သည့် အမျိုးသမီး ဝန်ထမ်းတစ်ဦးက ဆိုသည်။


◼ ဝန်ထမ်းများထက် ခွေးကိုတန်ဖိုးထား
မကြည်ပြာတို့ ဇနီးမောင်နှံသည် ခွေးငယ်လေးနှစ်ကောင်ကို မွေးမြူခဲ့ပြီး ခွေးနှစ်ကောင်၏ လစဉ်အသုံးစရိတ် (နံနက် ဆိတ်နို့တိုက်ခြင်း၊ ခွေးမုန့်ဖိုး၊ ခွေး Spa ပို့ခြင်း) ကိုပင် ဘတ်သောင်းဂဏန်း သုံးစွဲနေကြသည်ကို မြင်ရတွေ့ရပြီး စိတ်နာ၍ ဝန်ကြီးချုပ်ရုံးမှ နုတ်ထွက်ခဲ့သည်ဟု နုတ်ထွက်ခဲ့သည့် ဝန်ထမ်းများက တစ်ညီတညွတ်တည်းပြောသည်။
အဆိုပါ ခွေးကို ဝန်ထမ်းများနှင့် နှိုင်းယှဉ်ပြောဆိုမှုများကြောင့် CDM အရာရှိဝန်ထမ်းတစ်ဦး နုတ်ထွက်သွားခဲ့ရပြီး၊ သမီးငယ်နှစ်ဦးရှိသော အိမ်ထောင်ဦးစီးတစ်ဦး၏ ဝန်ကြီးချုပ်ရုံးမှ လစာ (ဘတ် ၄၀၀၀) ထက်ပင် ခွေးစရိတ်က ပိုမိုများပြားနေခြင်းမှာ တော်လှန်ရေးကာလ ကျင့်ဝတ်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း နုတ်ထွက်ခဲ့သူများက ဆိုသည်။
“ နောက်ဆုံးထားတဲ့ရုံးခန်းမှာဆိုရင် ခွေးနှစ်ကောင်နဲ့ ကျမတို့က ရုံးတူတူတက်ရတယ်။ ကျမက ခွေးကြောက်တတ်တယ်၊ စားပွဲခုံအောက်မှာ ခွေးကရှိနေလို့ ပြောတာကို သူတို့က ဒါခွေးတွေနေရာလေလို့ပြန်ပြောတယ်။ ရုံးကလူတွေက သူတို့ခွေးလောက် တန်ဖိုးမရှိသလို ဆက်ဆံခံရတယ် ” ဟု အမျိုးသမီး ဝန်ထမ်းတစ်ဦးက ဆိုသည်။
◼ မိသားစု စီးပွားရေးလား ဝန်ကြီးချုပ်ရုံးလား
NUG ဝန်ကြီးချုပ်ရုံးသည် ၂၀၂၃ ခုနှစ်မှစ၍ ယနေ့အထိ ရုံးခန်းနေရာ ၃ ခု အထိ ပြောင်းရွှေ့ခဲ့ပြီး ပြောင်းရွှေ့ ငှားရမ်းခဲ့သော ရုံးခန်းငှားရမ်းမှုတိုင်းတွင် သုံးခန်းတွဲ ခြံဝန်းပါ အိမ်များကိုသာ ရွေးချယ်ငှားရမ်းခဲ့သည်။
အခန်း တစ်ခန်းကို မကြည်ပြာ၏ မိခင် အတွက်ပေးပြီး နောက်တစ်ခန်းကို မကြည်ပြာနှင့် ကိုညီညီမင်းတို့ နေထိုင်ရန်အတွက်အသုံးပြုခဲ့ကာ ကျန်အခန်းကို နေ့စဉ်ရုံးအလုပ်လုပ်ရန်နှင့် မျှဝေသုံးစွဲရန်အတွက် ပေးအပ်ခဲ့သည်။
“ ဝန်ထမ်း ရှစ်ယောက်လောက်ကို အခန်းကျဉ်းလေးတစ်ခုပဲပေးပြီး စားပွဲခုံကို ကွန်ပျူတာထားစရာတစ်နေရာ လောက်ပဲ နေရာရတယ်။ နေ့တိုင်းရုံးတက်ရတယ် ” ဟု ဝန်ကြီးချုပ်ရုံးတွင် နေ့စဉ်ရုံးတက်ခဲ့ရသည့် ဝန်ထမ်း တစ်ဦးကဆိုသည်။
ဝန်ထမ်းများသည် နေ့စဉ်ရုံးတက်ရပြီး၊ နေရာသုံးစွဲမှုအတွက် သီးသန့်ပေးထားသည့် ကျဉ်းမြောင်းလေဝင်လေထွက်မကောင်းသော အခန်းတစ်ခန်းတည်းတွင်သာ နေ့စဉ်ဝန်ကြီးချုပ်ရုံး၏လုပ်ငန်းများကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ရသည်။
ထို့ပြင် ၂၀၂၃ ခုနှစ်တွင် ရုံးခန်းငှားရမ်းရန် နိုင်ငံတကာမှ သီးခြားထောက်ပံ့ငွေရရှိချိန်တွင်ပင် ရုံးခန်းအသစ် မငှားရမ်းဘဲ ၎င်းတို့လင်မယား သီးခြားနေထိုင်ရန် အိမ်တစ်လုံးသာ ထပ်မံငှားရမ်းခဲ့ကြောင်း ဝန်ထမ်းများက ဆိုသည်။
“ နိုင်ငံတကာအထောက်အပံ့တစ်ခုရတော့ ဝန်ထမ်းတွေအတွက် ရုံးသီးသန့်ထားပေးခဲ့မယ်မျှော်လင့်ခဲ့တာ လင်မယားနှစ်ဦးအတွက် ဘန်ဂလိုစတိုင်အိမ်ပါတဲ့ သီးသန့်လုံးချင်းခြံတစ်ခုကို တစ်လ ဘတ် ၁၆,၀၀၀ ပေးငှားခဲ့တယ် ” ဟု ဝန်ထမ်းတစ်ဦးကဆိုသည်။
ထို့ပြင် ဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းလခပေးဝန်ထမ်းများအနေဖြင့် ဝန်ကြီးချုပ်ကြီးအပါ ၁၂ ဦး မှ ၁၅ ဦးခန့် ပုံမှန်ရှိခဲ့ပြီး ၎င်းဝန်ထမ်းလခမှာလည်း မကြည်ပြာ (အတွင်းဝန်အဖြစ်) ၊ ကိုညီညီမင်း (ရုံးဦးစီးအဖွဲ့မှူး- စီမံရေးရာညွှန်ချုပ်) အဖြစ် ဘတ် ၅၀၀၀ စီ ယူခဲ့သည့်အပြင် မကြည်ပြာ၏ တူ နှစ်ဦးကိုလည်း ဝန်ထမ်းများအဖြစ် ခန့်အပ်ပြီး လခများ ပေးအပ်ထားသည်ကို စုံစမ်းသိရှိရသည်။
“ ကျမတို့ဝန်ထမ်း လုပ်သက်အရဆိုရင်တော့ ဒါဟာ Conflict of Interest ကိုတိုက်ရိုက်ဖြစ်တာဘဲ။ ဒါက ကြီးမားတဲ့ အဂတိပဲ ” ဟု CDM ဝန်ထမ်းတစ်ဦးကဆိုသည်။
မကြည်ပြာသည် NUG ဝန်ကြီးဌာနသို့ ပြည်တွင်း/ပြည်ပမှ လူငယ်များ ပညာရေး၊ ကျန်းမာရေး နှင့် လုံခြုံရေးအတွက် တောင်းခံလာသည့် အကူအညီများကို ပြည်သူ့ဝန်ဆောင်မှုပေးရန်အတွက် မသိကျိုးကျွံပြုလုပ်ခဲ့သော်လည်း တူနှစ်ဦးအတွက် သြစတေးလျှနိုင်ငံသို့ ခိုလှုံခွင့်ရရှိရန် အတွက် စပွန်ဆာထောက်ပံ့သူများနှင့် ချိတ်ဆက်ထားခဲ့ပြီး ဖြစ်ကြောင်း ဝန်ထမ်းများကဆိုသည်။
◼ ဘဏ္ဍာရေး စီမံခန့်ခွဲမှု အလွဲသုံးစားမှုများ
ဝန်ကြီးချုပ်ရုံးအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရထံမှ လစဉ် ဘတ်ဂျက်ခွဲတမ်း ကျပ် သိန်း ၁၅၀ ရရှိပြီး အဲ့ဒီငွေများကိုလည်း မကြည်ပြာတို့ ဇနီးမောင်နှံက စိတ်တိုင်းကျ သတ်မှတ်ကာ ဝန်ထမ်းတွေကို အချိုးမညီ ခွဲဝေမှုများ ပြုလုပ်ပေးလေ့ရှိသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ မှ ဝန်ထမ်းများကို လစဉ်ထောက်ပံ့ကြေး (ခ) လစာပေးခြင်းဖြစ်ပြီး ဝန်ကြီးချုပ်ရုံး၏ ဘဏ္ဍာငွေ စီမံခန့်ခွဲမှု ပုံစံသည် သံသယဖြစ်ဖွယ် အလွဲသုံးစားမှုများရှိနေသည်ဟုလည်း နုတ်ထွက်ခဲ့သူများက ထောက်ပြကြသည်။
ထို့ပြင် အမေရိကန်အခြေစိုက် အကျိုးအမြတ်မယူသော အစိုးရမဟုတ်သည့် အဖွဲ့အစည်း (NGO) တစ်ခုမှတဆင့် ဝန်ကြီးချုပ်ရုံးအတွက် နိုင်ငံတကာထောက်ပံ့ငွေများ ရှာဖွေရန် ဖွဲ့စည်းထားသည့် Public Initiative (PI) အတွက် ရရှိခဲ့သော Grant များသည် ဘတ်သိန်းပေါင်းများစွာဖြစ်ပြီး Financial Report ပြန်မတင်ရသည့် Grant အမျိုးအစားများ ဖြစ်သဖြင့် မကြည်ပြာနှင့် ကိုညီညီမင်းတို့က စိတ်ကြိုက်ခြယ်လှယ် သုံးစွဲခဲ့ကြောင်း ဝန်ထမ်းများက ဆိုသည်။
“အဲ့ဒီ Grant တွေက တော်လှန်ရေးအတွက်သုံးဖို့ အလှူရှင်က ရည်ရွယ်ခဲ့တာ။ ဒါပေမဲ့ လက်တွေ့လုပ်ငန်းသုံးစရိတ်ကတော့ ၁၅ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ကျန်တာတွေက စာရင်းပျောက်အင်းပျောက်ပဲ” ဟု နှုတ်ထွက်ခဲ့သည့် ဝန်ထမ်းတစ်ဦးက MPA ကို ပြောသည်။
ဝန်ကြီးချုပ်ရုံးအတွက် ဝင်ငွေလမ်းကြောင်းအနေဖြင့် ဝန်ကြီးဌာနခွဲတမ်း၊ စီမံကိန်းများ၊ ဝန်ကြီးချုပ်အမည်ဖြင့် အလှူငွေများ၊ အခြားဝန်ကြီးဌာန အလှူငွေများ ဖြစ်ပြီး အလှူငွေ လက်ခံရရှိခြင်းနှင့် ငွေဖြတ်ပိုင်းပေးခြင်းတို့ကို မကြည်ပြာနှင့် ကိုညီညီမင်း နှစ်ဦးသာ ကိုင်တွယ်စီမံခန့်ခွဲသဖြင့် စနစ်တကျ မှတ်တမ်းထားရှိခြင်းမရှိကြောင်းကိုပါ သိရသည်။
“ ရတဲ့ငွေတွေက ဝန်ထမ်းအတွက်သက်သာချောင်ချိရေးတို့ တော်လှန်ရေးအကျိုးတို့ မဟုတ်ဘဲ မကြည်ပြာတို့ မိသားစုသက်သာ ချောင်ချိရေးအတွက်ဖြစ်နေတယ် ” ဟု နှုတ်ထွက်ခဲ့သည့် ဝန်ထမ်းတစ်ဦးက ပြောသည်။
ဝန်ကြီးချုပ်ရုံးနှင့် သက်ဆိုင်သည့် စာရင်းဇယားများ၊ အသုံးစရိတ်များသုံးစွဲမှုမှာ မည်သည့် Senior ဝန်ထမ်း တစ်ဦးစီကမှ သဘောထားမှတ်ချက်ရယူခြင်း မရှိခဲ့ဘဲ လင်မယားနှစ်ဦးသဘောဖြင့်သာ ဆုံးဖြတ်ခဲ့သည့်အတွက် ဝန်ကြီးချုပ်ရုံး၏ ဘဏ္ဍာရေးသည် Bureaucratic Accountability နှင့် Democratic Accountability စံနှုန်းများ မရှိဟု ဝန်ထမ်းများက ဝေဖန်ထောက်ပြသည်။
ဝန်ကြီးချုပ်ရုံးတွင်ပင်လျှင် တော်လှန်ရေးကာလအတွင်း ခန့်မှန်းဝင်ငွေ ဘတ်သိန်း ၁၅၀ ကျော်ရှိနိုင်ပြီး ဝန်ကြီးချုပ်ရုံး၏ ဘဏ္ဏာငွေ စီမံခန့်ခွဲမှု ပုံစံသည် အလွဲသုံးစားမှုများရှိနေသောကြောင့် နုတ်ထွက်ခဲ့ကြသည်ဟု နုတ်ထွက်လာသူများက ပြောဆိုသည်။
တော်လှန်ရေးဘဏ္ဍာငွေများကို သုံးစွဲ၍ ကိုညီညီမင်းနှင့် မကြည်ပြာတို့သည် ၎င်းတို့၏ ပုဂ္ဂလိက ပုံရိပ်တည်ဆောက်ရေးနှင့် အကျိုးစီးပွား နိုင်ငံရေးကို ဆောင်ရွက်မှုများမှာ မျက်မြင်ဖြစ်ကြောင်း ဝန်ထမ်းတစ်ဦးက ဆိုသည်။
ယခုအလုပ်လုပ်နေခြင်းသည် စီးပွားရေးလုပ်နေခြင်းဖြစ်ကြောင်း လာရောက်မနှောင့်ယှက်ရန် မကြည်ပြာက လင်ယောကျာ်းဖြစ်သူ ကိုညီညီမင်းကို ရုံးတွင်း မကြာခဏပြောဆိုကြောင်း နုတ်ထွက်ခဲ့သည့် ဝန်ထမ်းအားလုံး ကတညီတစ်ညွတ်တည်း အထက်ပါစကားကို အတည်ပြုကြသည်။
◼ ဝန်ထမ်းများ၏ လိုလားချက်များ
“တော်လှန်ရေးက မင်းအောင်လှိုင်တစ်ဦးတည်းကို တိုက်နေတာ မဟုတ်ဘူး။ ဘယ်အာဏာရှင် ပုံစံမျိုးကိုမဆို တွန်းလှန်တော်လှန်နေရမှာပဲ” ဟု အလေးအနက် ခံယူကြောင်း နုတ်ထွက်ခဲ့သည့် CDM ဝန်ထမ်းတစ်ဦးကဆိုသည်။
မကြည်ပြာနှင့် ကိုညီညီမင်းတို့၏ လုပ်ရပ်များသည် တော်လှန်ရေးကာလ တစ်လျှောက် ကျူးလွန်မှုများကြောင့် NUG ၏ ဂုဏ်ပုဒ်ကို ထိခိုက်ကျဆင်းစေခဲ့ပြီး ၎င်းတို့သည် အတွေးအခေါ်၊ အကျင့်သီလ၊ အရည်အချင်း မည်သည့်နေရာတွင်မှ လက်ရှိရာထူးနှင့် မထိုက်တန်ကြောင်း နှုတ်ထွတ်ခဲ့သည့်ဝန်ထမ်းများကဆိုသည်။
မကြည်ပြာနှင့် ကိုညီညီမင်းအား တာဝန်မှ ရပ်နားသင့်ကြောင်း၊ ၎င်းတို့၏ ဘဏ်အကောင့်များနှင့် ငွေကြေးများကို ထိန်းသိမ်းသင့်ကြောင်း၊ အသွင်ကူးပြောင်းကာလတွင် ပြန်လည်ကျခံသင့်သော ပြစ်မှုများအတွက် ပြည်သူလူထုနှင့် နစ်နာသူများအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးရန် တောင်းဆိုထားသည်။
အခုကဲ့သို့ နုတ်ထွက်ခဲ့သည့် ဝန်ကြီးချုပ်ရုံးမှ ဝန်ထမ်းများ၏ ပြောကြားချက်များနှင့် ပတ်သက်ပြီး မကြည်ပြာ၏ Facebook Messenger မှတဆင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားမှုမရှိသေးပေ။
မှတ်ချက် ။ ။ ယခုသတင်းဆောင်းပါးနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ်ရုံးမှ နုတ်ထွက်ခဲ့သည့် ဝန်ထမ်းများအနက် ငါးဦးအထိကို သေချာမေးမြန်းပြီးမှ ဖော်ပြခဲ့ခြင်းဖြစ်သည်။ ဝန်ထမ်းများ၏ လုံခြုံရေးနှင့် အသက်အန္တရာယ်များကြောင့် အမည်များ ဖော်ပြခဲ့ခြင်းမပြုဘဲ နုတ်ထွက်ဝန်ထမ်းနှင့် CDM ဝန်ထမ်းများဟုသာ သုံးပြုခဲ့ခြင်းဖြစ်သည်။
