တက္ကသိုလ်ကျောင်းသား/သူများ ကြိုတင်ဆန္ဒမဲ မထည့်ပါက ကျောင်းအပ်နှံခွင့်မပြုဟု အုပ်ချုပ်ရေးအဖွဲ့များက ခြိမ်းခြောက်ပြောဆိုမှုများ ရှိနေကြောင်း တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများထံမှ စုံစမ်း သိရှိရသည်။
စစ်ကော်မရှင်သည် လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲအပိုင်း(၁) ကျင်းပသွားမည်ဖြစ်ပြီး ယင်းနေ့သည် တက္ကသိုလ်ကျောင်းသား/သူများမှာ မဲဆန္ဒပြင်ပနေရာများသို့ ကျောင်းသွားတက်ရမည်ဖြစ်သည်။
ထို့ကြောင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား နိုဝင်ဘာလ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် ဆန္ဒမဲထည့်ကြရမည်ဟု ရွေးကောက်ပွဲကော်မရှင်က အသိပေးကြေညာထားသည်။
သို့သော် ကျောင်းသား၊ ကျောင်းသူများ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု မရှိခြင်း၊ ဆန္ဒမဲထည့်လိုခြင်း မရှိကြသည့် အတွက် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲအချို့က ဆန္ဒမဲမထည့်ပါက ကျောင်းအပ်နှံခွင့်ပေးမည်မဟုတ်ဟု ခြိမ်းခြောက်ပြောဆိုမှုများ ရှိနေကြောင်း တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ အချို့က ပြောသည်။
“အုပ်ချုပ်ရေးမှူးရုံးကပဲ အမေ့ကို ပြောလာတာ၊ နင့်သား မဲလာမထည့်ရင် ကျောင်းအပ်ရင် ဒုက္ခရောက်မယ်နော်၊ ဒီမှာက ဘယ်သူက ကြိုတင်မဲ ထည့်တယ်၊ မထည့်ဘူးဆိုတာ List ရှိနေတာနော်၊ အဲဒါပြောလိုက်အုန်း မဲလာထည့်ရမယ်၊ တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ” ဟု မော်လမြိုင်မြို့ပေါ် အုပ်ချုပ်ရေးမှူးတစ်ဦး၏ ပြောဆိုချက်ကို တက္ကသိုလ် ကျောင်းသားတစ်ဦးက ပြန်ပြောသည်။
သို့သော် မည်သည့်နိုင်ငံရေးပါတီများကို မဲထည့်ပါဟု ပြောဆိုခဲ့ခြင်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါပြောဆိုချက်နှင့်ပတ်သက်ပြီး မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်းမှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူသူ ၆ ဦးကို မေးမြန်းခဲ့ပြီး ၃ ဦးမှာ ကျောင်းအပ်နှံခွင့်မပြုသည့်ပြောဆိုချက်ကို အုပ်ချုပ်ရေးအဖွဲ့များထံမှ ကြားသိခဲ့ရသော်လည်း တစ်ဦးမှာ မသိရှိကြောင်းနှင့် ကျန်နှစ်ဦးကမူ မဲပေးမည့်ကိစ္စကို စိတ်ဝင်စားမှုမရှိကြောင်း MPA ကို ပြောသည်။
လက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်ကျောင်းသားကျောင်းသူများသည် သက်ဆိုင်ရာ မဲရုံးများတွင် ဆန္ဒမဲ ထည့်ဝင်နေကြပြီး အခြေအနေစောင့်ကြည့်နေကြသူများလည်း ရှိကြောင်း သိရသည်။
“ပြောတာတော့ ကြိုတင်မဲထည့်ပြီးကြောင်း ထောက်ခံစာ ပြရမယ်တဲ့ ကျောင်းအပ်တဲ့အခါမျိုးတွေမှာလေ၊ မသိသေးပါဘူး၊ တကယ်ပဲ ကျောင်းပေးမတက်တော့တာလား၊ ပြောတာတော့ ကြားနေတာပဲ၊ အခုတော့ အခြေအနေ စောင့်ကြည့်နေတယ်၊ သွားမပေးရသေးဘူး” ဟု မြိတ်တက္ကသိုလ်မှ ကျောင်းသူတစ်ဦးက ပြောသည်။
ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲစာရင်းပါရှိသည့်သက်ဆိုင်ရာ မြို့နယ်ပြင်ပရောက် မဲဆန္ဒရှင်များနှင့် သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲတွင် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်ဆန္ဒမဲပေးခွင့် ရှိသည်ဟု ဥပဒေတွင် ဖော်ပြထားသည်။
ယင်းထဲတွင် တပ်မတော်သားများနှင့် အတူနေမိသားစုဝင်များ၊ အချုပ်ချခံနေရသူများ၊ ဆေးရုံတက်နေရသည့် အတွင်းလူနာများ၊ ယာယီနေရပ်စွန့်ခွာသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ နိုင်ငံဝန်ထမ်းများ တို့သည် အစိုးရ၏ခွင့်ပြချက်ဖြင့် ကြိုတင်မဲပေးပိုင်ခွင့်ရှိသည်။
ကြိုတင်ဆန္ဒမဲမပေးပါက ကျောင်းအပ်နှံခွင့်မပြုသည့် ပြောဆိုချက်နှင့်ပတ်သက်ပြီး မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် စစ်ကော်မရှင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတို့ကို မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။
“ကျောင်းအပ်ခွင့်မပြုတာ၊ ပြုတာတော့ ညွှန်ကြားချက်တော့ မရှိဘူး၊ ဆရား၊ ဆရာမတွေအချင်းချင်းကြားမှာ ပြောနေတာတော့ ရှိပါတယ်၊ အဲဒီလိုအသံတွေ ကြားနေရတာ၊ လူကြီးတွေကတော့ ကျောင်းသားတွေ မဖြစ်မနေ ကြိုတင်မဲထည့်ဖို့ကိစ္စ မကြာမကြာ ပြောတာမျိုးတွေ၊ ညွှန်ကြားထားတာမျိုးတော့ ရှိတယ်” ဟု မော်လမြိုင် တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသည့် Non CDM ဆရာမတစ်ဦးက ပြောသည်။
စစ်ကော်မရှင်ထိန်းချုပ်ထားသည့် ဝါဒဖြန့်မီဒီယာများတွင်လည်း နိုင်ငံတဝန်းရှိ တက္ကသိုလ် ကျောင်းသား ကျောင်းသူအများအပြား ဆန္ဒမဲလာပေးနေပြီး ကျန်နေသည့်သူများလည်း မဖြစ်မနေ ဆန္ဒမဲလာပေးကြရန် တိုက်တွန်းထားသည်။
“ဘာလို့ဒီရွေးကောက်ပွဲကို ဆန့်ကျင်နေတာလဲဆိုတာ သူတို့ စစ်အုပ်စုအသိုင်းအဝိုင်းနဲ့ ဝါဒမှိုင်းထိထားတဲ့သူက လွဲရင် ကျောင်းသားတိုင်းအကုန်သိတယ်။ ထည့်ခြင်း မထည့်ခြင်းက ကာယကံ ရှင်ရဲ့ ဆန္ဒပဲ၊ ဖိအားအမျိုးမျိုး ပေးပြီး ထည့်ခိုင်းလာရင်တော့ အခွင့်အရေးချိုးဖောက်ခံနေရတာပဲ” ဟု မွန်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။
အပိုင်း (၃)ပိုင်းခွဲပြီး ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာမှု မရှိသည့်အတွက် တော်လှန်ရေးအင် အားစု၊ အာဆီယံအပါအဝင် နိုင်ငံအချို့ကလည်း အသိအမှတ်မပြုကြောင်း ထုတ်ပြောထားသည်။
