စစ်အုပ်စုနှင့် လက်ဝေခံများသည် ကျားဖြန့်အပါအဝင် ရာဇဝတ်ဂိုဏ်းများအတွက် လုံခြုံသည့် ခိုလှုံရာ ရပ်ဝန်းများ ပိုမိုကျယ်ပြန့်လာစေရန် ဖန်တီးပေးနေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်သည်။
နိုဝင်ဘာ၁၉ရက်၊ကုလသမဂ္ဂတွင် ကျင်းပသည့် “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ဆုံးဖြတ်ချက် အဆိုမူကြမ်းအား အတည်ပြု ဆုံးဖြတ်သည့် အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆုံးဖြတ်ချက်အဆိုမူကြမ်း မချမှတ်မီ မြန်မာနိုင်ငံ၏ ရပ်တည်ချက်အကြောင်း ရှင်းလင်းစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြား ခဲ့သည်။
စစ်အုပ်စုနှင့် ၎င်းတို့၏ အစွယ်အပွား လက်ဝေခံများအနေဖြင့် အွန်လိုင်းလိမ်လည်ဂိုဏ်းများနှင့် လူနှင့် မူးယစ်ဆေးဝါး ကုန်ကူးမှုများ အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများအတွက် လုံခြုံသည့် ခိုလှုံရာ ရပ်ဝန်းများ ပိုမို ကျယ်ပြန့်လာစေရန် ဖန်တီးလုပ်ကိုင်ပေးလျက်ရှိကြောင်းနှင့်
အဆိုပါ နယ်စပ်ဖြတ်ကျော်မှုခင်းများ၏ ကြီးမားသော နောက်ဆက်တွဲဆိုးကျိုးများသည် မိမိတို့၏ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနှင့် ဒေသတွင်းကို ကျော်လွန်၍ အခြားသော နေရာဒေသများအနှံ့သို့ ပါ ကူးစက်ပြန့်ပွားကာ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကိုပင် ခြိမ်းခြောက်နေပြီ ဖြစ် ကြောင်း သံအမတ်ကြီးက ဆိုသည်။
“လောက်ကိုင်ကျားဖြန့်ဂိုဏ်းချုပ်တွေဆိုတာလည်း မင်းအောင်လှိုင်လက်ဝေခံ၊အခု မြဝတီကျားဖြန့် ဂိုဏ်းရဲ့ အဓိပတိ စောချစ်သူကလည်း မင်းအောင်လှိုင်ကိုယ်တိုင် သီရိပျံချီဘွဲ့ကြီး ချီးမြှင့်ခဲ့တဲ့သူဖြစ် နေပြန်တော့ ကျားဖြန့်တို့ရဲ့ ခေါင်းကိုင်ဖခင်ဟာ မင်းအောင်လှိုင်လို့ ပြောကုန်ကြပြီ။ကျားဖြန့်တွေဆီ ကနေ နေပြည်တော်ကို လစဉ် လိုင်းကြေး ဘယ်လောက်ပေးသလဲဆိုတာ မကြာခင် အဖြေပေါ်လာ မယ်ထင်တယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ ပြောသည်။
ထို့ကြောင့် အွန်လိုင်း လိမ်လည်မှုများနှင့် အခြားသော နယ်စပ်ဖြတ်ကျော်မှုခင်းများ အပြီးတိုင် ပပျောက်စေရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းတို့ထံမှ ညှိနှိုင်းဆောင်ရွက်မှုရှိ၍ ပိုမို ထိရောက်သော လုပ်ဆောင်ချက်များ လိုအပ်နေကြောင်းလည်း ဆိုသည်။
စာတည်း-ML
