မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ဆည်တိုကျေးရွာ၌ စစ်ကော်မရှင်စစ်ကြောင်း ဝင်ရောက်ပြီးနောက် တိုက်ပွဲများဖြစ်ပွားနေပြီး မြို့ပေါ်တွင်လည်း စစ်တပ်က တပ်စွဲနေထိုင်နေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်မှစ၍ မိတ္ထီလာမြို့မှ ထွက်ခွာလာသည့် စစ်ကော်မရှင်စစ်ကြောင်းသည် မလှိုင်မြို့နယ်၊ ဆည်တိုကျေးရွာသို့ ဝင်ရောက်လာပြီးနောက် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“တိုက်ပွဲက ဖြစ်နေတာ သုံးရက်လောက်ရှိပြီ၊ ငြိမ်သွားလိုက်၊ တိုက်ပွဲဖြစ်လိုက်နဲ့ မနေ့ကထိ အသံတွေ ကြားနေရတုန်းပဲ။ ဒီနေ့တော့ ဆည်တိုကနေ အနောက်ဘက်ကို စစ်ကြောင်းတစ်ကြောင်း ရွေ့သွားတယ်ဗျ၊ ဆည်တိုဝန်းကျင်က ရွာတွေကိုလည်း စစ်ကြောင်းတွေခွဲပြီး ဝင်နေတယ်။ ပြေးတဲ့သူတွေကလည်း ပြေးတယ်” ဟု ဆည်တိုကျေးရွာမှ မလှိုင်မြို့ပေါ်သို့ စစ်ရှောင်လာသူတစ်ဦးက MPA သို့ ပြောသည်။
လက်ရှိတွင် ယင်းစစ်ကြောင်းသည် ဆည်တိုကျေးရွာနှင့် ထိစပ်လျက်ရှိနေသည့် ယာကြီးပြင်၊ သြဇာခြံ၊ လျှော်ကန်၊ ညောင်ကုန်းနှင့် ဆည်ကွဲကျေးရွာများအတွင်း၌ လှုပ်ရှားလျက်ရှိနေပြီး၊ လက်နက်ကြီး၊ ဂျက်ဖိုက်တာနှင့် စက်တပ်လေထီး(Paramotor) များ အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်လျက်ရှိနေကြောင်း သိရသည်။
“ဆည်တိုနဲ့ မလှိုင်ကတော့ ဝေးတယ်။ ဒါပေမဲ့ စက်တပ်လေထီးတွေ၊ လေယာဥ်တွေကတော့ ဂရုစိုက်ရတာပေါ့။ ဆည်တိုမှာ တိုက်ပွဲတွေ မဖြစ်ခင်ကလည်း မြို့အပြင်နားမှာ တိုက်ပွဲဖြစ်တာတွေ ရှိတယ်။ အဲ့ဒီတုန်းက မလှိုင်ဘက်ကနေ ပြန်တဲ့ စစ်သားတွေကို PDF တွေက သိမ်ကုန်းရွာအကျော် လိပ်ခွဲရွာနားမှာ ဝင်ပစ်တာ၊ တိုက်ပွဲအသေးလေးတော့ ဖြစ်သွားတယ်” ဟု မလှိုင်မြို့နယ်၊ သိမ်ကုန်းကျေးရွာမှ အမျိုးသမီးတစ်ဦးက ဆိုသည်။
ထို့ပြင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်၊ ညနေ ၃ နာရီတွင်လည်း စစ်ကော်မရှင်က အရပ်ဝတ်များဝတ်ဆင်ထားသည့် လူဦးရေ ၅၀ ခန့်ကို အမှတ် ၉ ရပ်ကွက်ရှိ ရွှေမန်းဘုန်းကြီးကျောင်းဝန်းအတွင်းသို့ ပို့ဆောင်ခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့ရသူများက ဆိုသည်။
“မိုးဟိန်းခရီးသည်တင်ကားရယ်၊ အိမ်စီးကားလေးတစ်စီးရယ် ရွှေမန်းဘုန်းကြီးကျောင်းထဲကို လာပို့သွားတာ။ ဘုန်းကြီးကျောင်းထဲမှာက အင်အား ၅၀ နဲ့ ၁၀၀ ကြားမှာ ရှိတယ်။ ၂၄ ရက်နေ့ မဲရုံသင်တန်းပေးမယ့် ပညာရေးဝန်ထမ်းတွေအတွက် လုံခြုံရေးယူပေးတာလို့ သိရတယ်” ဟု အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
ယနေ့ နိုဝင်ဘာ ၂၁ ရက်၊ ညနေ ၄ နာရီဝန်းကျင်တွင်လည်း မလှိုင်မြို့နှင့် ထိစပ်လျက်ရှိနေသည့် ကျေးရွာများအတွင်းသို့ စစ်တပ်က ဝင်ရောက်ကာ ပေါ်တာဆွဲဖမ်းဆီးမှုများလည်း လုပ်ဆောင်လျက်ရှိနေသည်။
မလှိုင်မြို့နယ်သည့် စစ်ကော်မရှင်တပ်၏ တပ်မ ၉၉၊ ရှမ်းတဲလေတပ်ဌာနချုပ်၊ အမြောက်တပ်ရင်းများ၊ သံချပ်ကာတပ်ရင်းများ၊ လေကြောင်းနှင့် မြေပြင် အတက်သင်လေတပ်စခန်း (လမသ)၊ အမြောက်တပ်ရင်းများ၊ ကုတင် ၅၀၀ ဆန့် စစ်ဆေးရုံနှင့် ရဲသင်တန်းကျောင်းများတည်ရှိ မိတ္ထီလာမြို့နယ်နှင့် ၂၂မိုင်ခန့်သာ ကွားဝေးသည်။
စာတည်း-ကိုဆန်း
