ဘန်ကောက် အကျဉ်းထောင်ဝန်ထမ်းများနှင့် ပေါင်းပြီး တရုတ်အကျဉ်းသားများ ထောင်လျှို့ဝှက်ခန်းကို လိင်ဆက်ဆံရန် အသုံးပြု

Thai BPS World

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဘန်ကောက်ရာမန် အချုပ်ထောင်၌ ဩဇာရှိသည့် တရုတ်အကျဉ်းသားအချို့သည် အကျဉ်းထောင်အတွင်းမှ လှေကားအောက်ခန်းတစ်ခု၌ အပြင်မှ ခေါ်လာသည့် အမျိုးသမီးများနှင့် လိင်ဆက်ဆံမှုများ ပြုလုပ်ခဲ့ကြောင်း တရားရေးဝန်ကြီး ရုထဖွန်နောင်၀ရတ်(Rutthapon Naowarat)က ဝန်ခံခဲ့သည်။

တရားရေးဝန်ကြီးက ၎င်း၏ အစိုးရဝန်ထမ်းသက်တမ်းတစ်လျှောက်တွင် ထိုကဲ့သို့သော မလျော်မကန်ပြုလုပ်မှုမျိုးကို မကြုံဖူးကြောင်း၊ ၎င်းအတွက်ရော ပြည်သူလူထုအတွက်ပါ လုံးဝလက်မခံနိုင်စရာဖြစ်ပြီး တရားစီရင်ရေးစနစ်ကို ပျက်ပြားစေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက အဆိုပါကိစ္စအား အပြည့်အဝ စုံစမ်းစစ်ဆေးမည် ဖြစ်ပြီး စနစ်အား အလွဲသုံးစားလုပ်ကြောင်း သက်သေပြနိုင်သူတိုင်းကို ပြစ်မှုဆိုင်ရာနှင့် စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုများ ပြုလုပ်သွားမည်ဟု ကတိပြုခဲ့ကာ၊ စုံစမ်းစစ်ဆေးမှုကို အကျဥ်းထောင်၏ ယခင် တပ်မှူးများအထိပါ တိုးချဲ့ဆောင်ရွက်သွားမည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

တရားရေးဝန်ကြီးသည် စနေနေ့တွင် အချက်အလက်ရှာဖွေရေးကော်မတီနှင့် အကျဥ်းဦးစီးဌာနမှ အရာရှိများ လိုက်ပါလျက် ဘန်ကောက်ရာမန် အကျဥ်းထောင်အား ကိုယ်တိုင် သွားရောက် စစ်ဆေးမည် ဖြစ်သည်။ ၎င်းက မီဒီယာမှ အဖွဲ့ဝင်များကို ထိုစစ်ဆေးရေးခရီးစဉ်တွင် ပါဝင်ခွင့်ပြုရန် ဖြစ်နိုင်၊ မဖြစ်နိုင်ကို အကျဥ်းဦးစီးဌာနနှင့် ဦးစွာတိုင်ပင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အကျဥ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ အမိန့်အရ အကျဥ်းထောင်တပ်မှူး မနုပ် ချုံချွမ် (Manop Chomchuen) အပါအဝင် အကျဥ်းထောင်အရာရှိ တစ်ဆယ့်လေးဦး (၁၄) ဦးကို ယမန်နေ့က အကျဥ်းထောင်မှ ဖယ်ရှားခဲ့သည်။

ထို့ပြင် အကျဉ်းထောင်၌ ချမ်းသာကြွယ်ဝသော တရုတ်အကျဥ်းသားများ၏ အခန်းများတွင် မိုက်ခရိုဝေ့ဖ်မီးဖိုများ၊ သယ်ဆောင်ရလွယ်သော လေအေးပေးစက်များ၊ မီးခြစ်များနှင့် အခြားလျှပ်စစ်ပစ္စည်းများကဲ့သို့သော တားမြစ်ပစ္စည်းများစွာ ကို တွေ့ရှိခဲ့သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က အကျဉ်းဦးစီးဌာနမှ အရာရှိများသည် ကြိုတင်အကြောင်းမကြားဘဲ ဝင်ရောက်စီးနင်းစစ်ဆေးမှုအပြီးတွင် အဆိုပါ အရှုပ်တော်ပုံ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ပါဝင်ပတ်သက်သော တရုတ်အကျဥ်းသားအားလုံးကို အကျဥ်းထောင်အတွင်းရှိ အခြားဇုန်များသို့ ပြောင်းရွှေ့လိုက်ပြီဖြစ်သည်။

အကျဥ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ယုထနာ နတ်ရိန်းဆရီ (Yutthana Nakreungsri) က ယနေ့တွင် အကျဥ်းသား ၉၀၀ ခန့် ထားရှိသော အကျဥ်းထောင်၏ ဇုန် ၈ သို့ အရာရှိများကို ခေါ်ဆောင်ကာ ဝင်ရောက်စီးနင်းခဲ့သည်။

၎င်းက ဘန်ကောက် ချုပ်နှောင်ရေး အကျဥ်းထောင်၏ ယာယီတပ်မှူးအနေဖြင့် ယခင်က အကျဥ်းသားများအား အသက်မွေးဝမ်းကျောင်းသင်တန်းများ ပေးခဲ့သော်လည်း မကြာသေးမီက တရုတ်အကျဥ်းသားများကို ထားရှိခဲ့သည့် ပိတ်ထားသော အလုပ်ရုံတစ်ခု ကို ယနေ့တွင် အရာရှိများက ရှာဖွေခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် တရုတ်အကျဥ်းသားများကဲ့သို့ လုံလောက်သော အစားအသောက်များ မရရှိကြဟု ထိုင်းအကျဥ်းသားများ၏ တိုင်ကြားချက်များကြောင့် အဖွဲ့သည် အကျဥ်းထောင်၏ မီးဖိုချောင် ကိုလည်း ရှာဖွေခဲ့သည်။

အဆိုပါ အဆောက်အအုံနှစ်ခုကို ရှာဖွေစစ်ဆေးခြင်းဆိုင်ရာ အပြည့်အစုံ အစီရင်ခံစာကို မီဒီယာများအား နောက်ပိုင်းတွင် ထုတ်ပြန်ပေးမည်ဟု ယုထနာက ပြောကြားခဲ့သည်။