မော်လိုက်ထောင်၌ ထောင်အာဏာပိုင်များက လက်နက်များ စုဆောင်းနေကာ အကျဉ်းသားများကို ပစ်မိန့်ပေးထားဟုဆို

ဓာတ်ပုံ - MOI
ပုံစာ - မော်လိုက်အကျဉ်းထောင်အား တွေ့ရစဉ်

စစ်ကိုင်းတိုင်း၊ မော်လိုက်အကျဥ်းထောင်၌ ထောင်အာဏာပိုင်များက လက်နက်များစုဆောင်းနေကာ အကျဉ်းသားများကို ပစ်မိန့်ပေးထားပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ခြိမ်းခြောက်မူများ ပြုလုပ်လျက်ရှိ‌ကြောင်း စုံစမ်း သိရှိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်ကာ မော်လိုက်အကျဉ်းထောင်ရှိ ထောင်ပိုင်ကြီးမှ ကင်းစောင့် တာဝန်ကျနေသည့် ‌ထောင်ဝန်ထမ်းများကို ပစ်မိန့်ပေးထားခြင်းဖြစ်ကြောင်း မော်လိုက်အကျဉ်းထာင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

” သူ (ထောင်ပိုင်ကြီး) ဝင်လာတော့ မျှော်စင်ကို မှာနေတာ၊ တစ်ခုခုဆိုရင်ပစ်နော်၊ အမိန့်စောင့်စရာ မလိုဘူး။ ဘယ်သူပစ်ခိုင်းလဲဆိုရင် ထောင်ပိုင်ပစ်ခိုင်းတာလို့ ပြောပြီး အဲဒီလိုတွေကို အကျဥ်းသားတွေရှေ့မှာ မဲပြပြီးခြိမ်းခြောက်နေပါတယ် ” ဟု ၎င်းက ပြောသည်။

ထို့ပြင် မော်လိုက် အကျဉ်းထောင်အတွင်း၌ MA 11၊ MA 12 ၊ G3 စသည့် သေနတ်အလက် ၄၀ ဝန်းကျင်ကို စစ်တပ်မှ လိုအပ်ပါက အချိန်မရွေးပေးနိုင်ရန်အတွက် စီစဉ်ထားရှိကာ ပြင်ဆင်ထားကြောင်း မော်လိုက်အကျဉ်းထောင်နှင့် နီးစပ်သူက ဆက်လက်ရှင်းပြသည်။

” အကျဉ်းထောင်တွေကို တပ်စွဲတဲ့ ကိစ္စက စစ်တပ်က သူတို့ကိုယ်တိုင်ပဲ စပြီး ချိုးဖောက်တဲ့အပေါ်မှာတော့ တော်လှန်ရေးတပ်တွေကလည်း ဝင်တိုက်တဲ့အခြေအနေမျိုးတွေဖြစ်တယ်။ ကျတော်တို့ကတော့ အကျဉ်းထောင်တွေကို ခံစစ်အနေနဲ့ရော ထိုးစစ်အနေနဲ့ရော ဦးတည်ပြီးတိုက်ခိုက်တာမျိုးတွေမလုပ်ဖို့ပဲပြောချင်ပါတယ်။ ဘယ်လိုအခြေအနေမျိုးပဲဖြစ်နေပါစေ၊ အကျဉ်းထောင်တွေက စစ်ရေးပစ်မှတ် မဟုတ်ဘူးဆိုတာ နားလည်ထားဖို့လိုတဲ့ ကိစ္စတစ်ခုဖြစ်တယ် “ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ်စတင်ကာ မော်လိုက်အကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက အရေးပေါ် ဆေးကုသခွင့်ကို လာဘ်ပေးလာဘ်ယူမှုများဖြင့် ခွင့်ပြုကာ နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများပြုလုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ရက်တွင် ထုတ်ပြန်ခဲ့သည်။

“အကျဥ်းထောင်လက်စွဲအရ ဆိုရင် အကျဥ်းသားတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ရမဲ့တာဝန်ဟာ အကျဥ်းထောင်ဆရာဝန်နဲ့ အကျဥ်းထောင်တာဝန်ခံအရာရှိ (ထောင်ပိုင်ကြီး)မှာ တာဝန်အပြည့်ရှိတယ် ။သူတို့ရဲ့ပေါ့ဆမှု့ကြောင့် ကျန်းမာရေး ပိုပြီးဆိုးရွားလာတာ ၊ သေသွားတာဆိုရင်တောင် ရာဇသတ်ကြီး ဥပဒေအရ ရာဇဝတ်မှု့ ကျူးလွန်ရာ ရောက်တယ်။ အဲ့ဒါကိုတောင် လာဘ်ငွေအများကြီးပေးမှ ဆေးရုံထုတ်ပေးတယ်ဆိုတော့ သူတို့ဟာ လူမဆန်ဆုံးပစ်မှုကို ကျူးလွန်နေတာနဲ့ အတူတူပဲ ၊ ဒီဟာတွေက စစ်ကော်မရှင်ရဲ့ တရားစီရင်ရေး ရှေ့နောက်မညီမှု ၊ တရားဥပဒေမစိုးမိုးမှု၊ ဥပဒေရဲ့ ဂုဏ်သိက္ခာ ကင်းမဲ့မှုကို ထင်ထင်ရှားရှားပြ နေတာ ဖြစ်တယ် ” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

PPNM၏ စာရင်းများအရ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလမှ ယခုနှစ် ၂၀၂၅ခုနှစ် ၊ အောက်တိုဘာလအထိ အကျဉ်းထောင်အသီးသီးတွင် ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရှိမှုနှင့် အရေးပေါ်ဆေးကုသခွင့် မရရှိမှုများကြောင့် ကျဆုံးခဲ့ရသည့် နိုင်ငံအကျဥ်းသား ၂၈ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်‌အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်မှ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၀ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၀၀၀) ဦးရှိကာ အကျဉ်းထောင်များ ဖမ်းဆီးခြင်းခံနေရသူမှာ (၂၂၆၈၀) ဦးဖြစ်ကြောင်း နိုင်ရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများအရ သိရသည်။

စာတည်း-ကိုဆန်း