ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်နယ်မြေအတွင်း တရားမဝင်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အသိပညာပေးရန် လူမစုပေးသော အုပ်ချုပ်ရေးမှူးနှင့်စာရေးတို့ကို ဖြေရှင်းချက်တောင်း ထားကြောင်း သိရသည်။
နိုဝင်ဘာ ၂၁ရက်တွင် ပြည်မြို့နယ်၊ ဝက်ထီးကန်နယ်မြေ၊ ကွင်းကြီးကျေးရွာအုပ်စု၌ MEVM မဲပေးစက်ဖြင့် မဲပေးရန် ပြည်သူများအား အသိပညာပေးမည်ဟုဆိုကာပြည်မြို့နယ်အုပ်ချုပ်ရေး မှူးရုံးက ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစန်းလွင်နှင့် ကျေးရွာအုပ်စုစာရေးတို့ထံ ဖုန်းနှင့် Viber Group တို့မှ ဆက်သွယ် ၍ လူစုခိုင်းထားသော်လည်း လူမစုထားသဖြင့် နိုဝင်ဘာ၂၃ရက်တွင် ဖြေရှင်းချက်ပေးရန် ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စာထုတ်ထားသည်။
” ရှောင်နေတယ်ဆိုတာက လုံးဝရှောင်တိမ်းတာမျိုးတော့ မဟုတ်ဘူး။ အဲဒီရက်မှာ ပြည်ဘက်ကို တစ်ရက်လောက်သွားနေပြီး ပြန်လာတာ။ ရွာမှာမရှိဘူးပေါ့။ အဲဒီလိုမျိုး ရှောင်တာ။ သူမရှိတော့ အသိပညာပေးတဲ့ ပွဲလည်းဖြစ်မသွားဘူး။ အဲဒါကြောင့် ထွေအုပ်က ထုချေလွှာတင်ခိုင်းတာ။ ဘယ်လိုတွေ ဆက်ဖြစ်မလဲတော့မသိသေးဘူး ” ဟု ပြည်မြို့နယ် သတင်းရင်းမြစ်က MPA ကို ပြောသည်။
ပြည်မြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးအများစုမှာ နှုတ်ထွက်စာတင်ထားကြသော်လည်း မြို့နယ်ထွေအုပ်ရုံးက နှုတ်ထွက်ခွင့်မပေးကြောင်း ပြည်မြို့နယ်ထွေအုပ်ရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
” နှုတ်ထွက်စာတင်တဲ့အထဲ ကွင်းကြီးရွာအုပ်ကြီးရော ပါ၊မပါကတော့ ပြောပြဖို့ခက်ပါတယ် ” ဟု ၎င်းကဆက်လက်ပြောသည်။
ဝက်ထီးကန်နယ်မြေရှိ ကျန်ကျေးရွာအုပ်စုအချို့တွင် ရွေးကောက်ပွဲ မဲပေးပုံပေးနည်းများကို တစ်အိမ်တစ်ယောက် မလာမနေရစနစ်ဖြင့် အသိပညာပေးပွဲပြုလုပ်ပြီးဖြစ်ကြောင်း သိရ သည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ကွင်းကြီးကျေးရွာအုပ်စုတွင် ပြည်သူ ၁၄၀၀ ကျော် နေထိုင်ကြသည်။
ပြည်မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၅၅ အုပ်စုနှင့် ကျေးရွာပေါင်း ၂၅၉ ရွာရှိကြောင်း ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၂၀ပြည့်နှစ် စာရင်းအရ သိရသည်။
စာတည်း-ML
