စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီးကို စစ်တပ်က ဂျိုင်ရိုကော်ပတာဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ၃ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ယနေ့ (နိုဝင်ဘာ ၂၂ရက်) နံနက် ၁၁နာရီကျော်ခန့်တွင် မုံရွာမြို့နယ်၊ ရတုံရွာနှင့် ဘူးတောင်းကန် ရွာကြားကို မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ တက်လာသည့် ဂျိုင်ရိုကော်ပတာ သုံးစင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အသက် ၈နှစ်အရွယ်မိန်းကလေးတစ်ဦး၊ အသက် ၅နှစ်အရွယ်ယောကျာ်းလေးတစ်ဦးနှင့် အသက် ၃၀အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ကြောင်း မုံရွာမြို့နယ်၊ တိုက်နယ် ၂၊ ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ခံ ထံက သိရသည်။
” တောနေတဲကိုကျတာဗျ။ ခုချိန်က မနက်ခင်းလည်းဖြစ်တဲ့အတွက် တောနေတဲဆိုတော့ တောအလုပ်လုပ်ကြတာပေါ့ဗျာ။ သူတို့က တောနေတဲထဲမှာပဲရှိတယ်။ သုံးဦးစလုံးက။ သုံးဦးစလုံးက တဲထဲမှာရှိတဲ့အချိန်မှာဖြစ်သွားတာဗျ။ ခေါင်းတွေချည်းပဲ ထိမှန်တာ” ဟု ၎င်းကပြောသည်။
မိန်းကလေးငယ်သည် ရတုံရွာက ဖြစ်ပြီး အသက် ၅နှစ်အရွယ်ယောကျာ်းလေးနှင့် အသက် ၃၀အရွယ်အမျိုးသားတို့မှာ ဘူးတောင်းကန်ရွာကဖြစ်ကြောင်းသိရသည်။
” တိုက်ပွဲလည်းမရှိပါဘူးဗျ။ တိုက်ပွဲလည်းမရှိဘူး။ ပြီးတော့ကျ စစ်ကြောင်းလည်းမရှိပါဘူးဗျ။ ခုဥစ္စာက အလကားနေရင်း သက်သက်ကို လုပ်သွားတာပါဗျ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဗုံးကြဲတိုက်ခိုက်ခံရသည့် နေရာသည် မုံရွာမြို့နှင့် ၅မိုင်သာဝေးကြောင်းသိရသည်။
” ကျားနှစ်ဦးက တူရီးအရင်းပါဗျ။ အမျိုးသမီးကကျတော့ မိန်းကလေးက ခုသေသွားတဲ့ တစ်ယောက်ရဲ့ မိန်းမရဲ့တူမ” ဟု ၎င်းကပြောသည်။
ယင်းသို့ ဗုံးကြဲမတိုက်ခိုက်ခင် နံနက် ၉နာရီဝန်းကျင်ကလည်း ကျောက်စစ်ပုံအမြောက်တပ်မှ လက်နက်ကြီး ၃လုံးပစ်ခတ်ခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်းသိရသည်။
စာတည်း-ML
