Reuters
အမေရိကန်သမ္မတဒေါ်နယ်ထရန့်ပ်၏ ငြိမ်းချမ်းရေးစီမံကိန်းသည် ရုရှား၏ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန်အတွက် ဆွေးနွေးပွဲများ၏ အခြေခံအုတ်မြစ်ဖြစ်သော်လည်း ထပ်မံလုပ်ဆောင်ရန်များ လိုအပ်သည်ဟု ဥရောပနှင့် အခြားအနောက်နိုင်ငံခေါင်းဆောင်များက နိုဝင်ဘာလ ၂၂ ရက်တွင် ပြောကြားသည်။
ထရန့်ပ်၏ ငြိမ်းချမ်းရေးအဆိုပြုချက်နှင့် ပတ်သက်၍ ယူကရိန်းအစိုးရအတွက် ပိုမိုကောင်းမွန်သည့် သဘောတူညီချက်ရရှိရန် အနောက်နိုင်ငံများက ကြိုးပမ်းလျက်ရှိရာတွင် ယခုထုတ်ပြန်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
ထရန့်ပ်၏က ယူကရိန်းအနေဖြင့် အချက် ၂၈ ချက်ပါဝင်သော ရုရှားနှင့် ငြိမ်းချမ်းရေးအစီအစဉ်ကို နိုဝင်ဘာ ၂၇ ရက်နေ့မတိုင်မီ လက်ခံရန် တောင်းဆိုထားသည်။
G20 ထိပ်သီးအစည်းအဝေး၏ သီးခြားဆွေးနွေးမှုအပြီး အနောက်နိုင်ငံခေါင်းဆောင်များက စုပေါင်းတောင်းဆိုမှု ထွက်ပေါ်လာပြီးနောက် ထရန့်ပ်က သူ၏ ငြိမ်းချမ်းရေးအဆိုပြုချက်သည် နောက်ဆုံး ကမ်းလှမ်းချက်မဟုတ်ကြောင်း ပြောကြားခဲ့ပြီး၊ ယူကရိန်းနှင့် ၎င်း၏ ဥရောပ မဟာမိတ်များက အဆိုပါ စီမံကိန်းသည် ဆွေးနွေးညှိနှိုင်းမှုများအတွက် အခြေခံအုတ်မြစ်တစ်ခုအဖြစ် ဆောင်ရွက်နိုင်သော်လည်း ပြုပြင်ပြောင်းလဲမှုများ လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့သည့်အတွက် ပြင်ဆင်မှုများအတွက် အလားအလာရှိကြောင်း အရိပ်အမြွက် ပြသခဲ့ပါသည်။
ဥရောပနှင့် အခြားအနောက်တိုင်း ခေါင်းဆောင်များက E3 (ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီ) မှ အမျိုးသားလုံခြုံရေး အကြံပေးများသည် ဥရောပသမဂ္ဂ၊ အမေရိကန်နှင့် ယူကရိန်း တာဝန်ရှိသူများနှင့်အတူ ယနေ့နိုဝင်ဘာ ၂၃ ရက်နေ့တွင် ဂျီနီဗာ၌ ထပ်မံ ဆွေးနွေးရန် သဘောတူခဲ့ကြသည်။
ရုရှား၏ အဓိက တောင်းဆိုချက်များကို ထောက်ခံထားသည့် အမေရိကန်၏ အစီအစဉ်ကို ဥရောပနိုင်ငံများက ဝေဖန်နေကြသော်လည်း စစ်ပွဲများ အဆုံးသတ်ရန် ကြိုးပမ်းသည့် ထရန့်ပ်ကိုလည်း ချီးကျူးနေကြသည်။ သို့သော် အဆိုပြုချက်ပါ သတ်မှတ်ချက်အချို့သည် ယူကရိန်းအတွက် လက်ခံနိုင်ဖွယ်မရှိကြောင်းကိုလည်း ထောက်ပြထားကြသည်။
“အချက် ၂၈ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်၏ ကနဦး မူကြမ်းတွင် တရားမျှတပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် မရှိမဖြစ် လိုအပ်မည့် အရေးကြီးသည့် အစိတ်အပိုင်းများ ပါဝင်သည်” ဟု ဥရောပသမဂ္ဂ၊ ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်၊ ကနေဒါ၊ နယ်သာလန်၊ စပိန်၊ ဖင်လန်၊ အီတလီ၊ ဂျပန်နှင့် နော်ဝေ နိုင်ငံတို့မှ ခေါင်းဆောင်များက ပြောကြားခဲ့သည်။
အဆိုပါ မူကြမ်းသည် နောက်ထပ်လုပ်ငန်းများ လိုအပ်မည့် အခြေခံအုတ်မြစ်တစ်ခု ဖြစ်သည်ဟု ယုံကြည်ကြောင်း အနောက်နိုင်ငံခေါင်းဆောင်များ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
“ အမေရိကန်ရဲ့ အဆိုပြုချက်သက်သက် ဖြစ်လာလို့မရဘဲ ပိုမိုကျယ်ပြန့်တဲ့ တိုင်ပင်ဆွေးနွေးမှုတွေ လိုအပ်နေပါတသေးတယ်၊ သဘောတူညီချက်က ယူကရိန်းနိုင်ငံသားများအတွက် ငြိမ်းချမ်းရေးနဲ့ ဥရောပသားအားလုံးအတွက် လုံခြုံစေရပါမယ်” ဟု ပြင်သစ်သမ္မတ အီမန်နျူရယ်လ် မက်ခရွန်က ပြောကြားသည်။
သမ္မတ ဗိုလိုဒီမီယာ ဇီလန်စကီးက ယူကရိန်းသည် ၎င်း၏ ဂုဏ်သိက္ခာနှင့် လွတ်လပ်မှုကို ဆုံးရှုံးရန် သို့မဟုတ် အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍ အမေရိကန်၏ ထောက်ခံမှုကို ဆုံးရှုံးရန်ဟူသော ရွေးချယ်စရာနှင့် ရင်ဆိုင်နေရသည်ဟု နိုဝင်ဘာ ၂၁ ရက်ကပြောကြားခဲ့သည်။
ရုရှား၏ တောင်းဆိုချက်အချို့ကို ပြင်ဆင်ရန် ကြိုးပမ်းသည့်အနေဖြင့် အမေရိကန်နှင့် ဆွေးနွေးရန် ဆွစ်ဇာလန်တွင် မကြာမီ တွေ့ဆုံကြမည်ဟု ယူကရိန်းအစိုးရက နိုဝင်ဘာလ ၂၂ ရက် တွင် ပြောကြားခဲ့သည်။
ထရန့်ပ်က ၄ နှစ်နီးပါး ကြာမြင့်ခဲ့သော ပဋိပက္ခကို အဆုံးသတ်ရန် အချက် ၂၈ ချက်ပါ အစီအစဉ်ကို အတည်ပြုရန် ယူကရိန်းအား တစ်ပတ်ပင်မပြည့်သော အချိန်ကို ပေးခဲ့ရာ၊ ယင်းအစီအစဉ်အရ ကျူးကျော်ခံရသော ယူကရိန်း နိုင်ငံသည် နယ်မြေများ ပေးအပ်ရမည်၊ ၎င်း၏ စစ်တပ်ကို လျှော့ချရမည်ဖြစ်ပြီး၊ NATO သို့ မည်သည့်အခါမျှ မဝင်ရောက်ရန် ကတိပြုရမည် ဖြစ်သည်။
ထရန့်ပ်နှင့် ပူတင်တို့သည် နောက်ဆုံးအကြိမ်အဖြစ် ဩဂုတ်လတွင် အလာစကာ၌ တွေ့ဆုံခဲ့ကြသော်လည်း ယူကရိန်းရှိ မော်စကို၏ စစ်ပွဲကို ဖြေရှင်းရန် သို့မဟုတ် ခေတ္တရပ်နားရန် မည်သည့်သဘောတူညီချက်မှ ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။
