PDF ကြိမ်းမောင်းထားသဖြင့် သထုံမြို့ပေါ်တွင် ပါတီများ မဲဆွယ်စည်းရုံးရေး လုံးဝမလုပ်

ဓာတ်ပုံ-Gretting from Myanmar
ပုံစာ-သထုံမြို့လယ်ခေါင်

PDF ကြိမ်းမောင်းထားသဖြင့် သထုံမြို့ပေါ်တွင် တရားမဝင်ရွေးကောက်ပွဲဝင်မည့်ပါတီများ မဲဆွယ်စည်းရုံးရေး လုံးဝမလုပ်ကြကြောင်း သိရသည်။

ရွေးကောက်ပွဲအပိုင်းတစ် ပြုလုပ်မည့် မွန်ပြည်နယ်၊သထုံမြို့ပေါ်တွင် ယနေ့(နိုဝင်ဘာ၂၅ရက်) ထိ တိုင် ပါတီများက မဲဆွယ်စည်းရုံးရေး လက်ကမ်းစာစောင်ပင် လိုက်မဝေကြကြောင်း မွန်ပြည်နယ်ပကဖ ဒုတာဝန်ခံ စောထူးအောင်က ပြောသည်။

“PDF တွေကို ကြောက်လို့ပဲ ထင်တယ်။ပန်းဖလက်ဝေတာမျိုးတောင် မတွေ့ရသေးဘူး။ ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်တင်တာလည်း မရှိဘူး”ဟု ၎င်းက MPAသို့ပြောသည်။

သထုံတွင် တရားဝင်ရွေးကောက်ပွဲဝင်မည့် ကြံ့ဖွံ့နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) အမတ် လောင်း၂ဦးသာ Tik Tok ၌ မဲဆွယ်စည်းရုံးရေးပြုလုပ်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ဘယ်သူတွေ ဝင်ပြိုင်မလဲဆိုတာလည်း သထုံမြို့သားတွေ မသိဘူး။ဘယ်သူမှလည်း စိတ်မဝင်စား ကြဘူး။ပါတီတွေလည်း မြို့ပေါ်ရော ရွာတွေဘက်ရော ဘာစည်းရုံးရေးမှ မလုပ်ဘူး။လုပ်လည်း ပြည်သူတွေက အားအားယားယား သွားနားမထောင်နိုင်ဘူး။ထမင်းစားဖို့တောင် မနည်းရုန်းကန်နေရတဲ့သူတွေချည်းပဲ”ဟု သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

သထုံနှင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ တော်လှန်ရေးစိုးမိုး ထိန်းချုပ်နယ်မြေများတွင် တရားမဝင် အတုအယောင်ရွေးကောက်ပွဲလုပ်ငန်းစဉ်များ လာရောက်ဆောင်ရွက်ပါက ထိရောက်စွာ အရေးယူ သွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ်၂၇ စစ်ဗျူ ဟာနှင့် တပ်မဟာ ၁ PDFတာဝန်ခံ ရဲဘော်အေးမင်းထွန်းက ပြောကြားထားသလို သထုံမြို့ပြအထူးပြောက်ကျားအဖွဲ့တာဝန်ခံ ရဲဘော် သုညကလည်း သထုံမြို့တွင်း၌ ပါတီစည်းရုံးရေးများ လုပ်လာလျှင် ထိရောက်စွာ အရေးယူသွားမည် ဟု MPAသို့ ပြောကြားထားသည်။

“ကျနော်တို့သိသလောက် ကျိုက်ထိုမြို့ပေါ်မှာလည်း ပါတီတွေ ဘာမှ လှုပ်ရှားတာ မရှိဘူး”ဟု ဘင် လှိုင်ရပ်ကွက်သားက ဆက်လက်ပြောသည်။

သထုံနှင့် ကျိုက်ထိုမြို့နယ်တို့တွင် တော်လှန်ရေး စိုးမိုးထိန်းချုပ်နယ်မြေ ရာခိုင်နှုန်း၄၀ခန့် စီ ရှိ ကြောင်း သိရသည်။

သထုံမြို့တွင် ကြံ့ဖွံ့၊တစည၊ပြည်သူ့ပါတီ၊ပြည်သူ့ရှေ့ ဆောင်ပါတီ၊ပအို့ဝ်းအမျိုးသားဖွံ့ဖြိုး တိုးတက်ရေး ပါတီ စသည့် ပါတီတို့ တရားမဝင်ရွေးကောက်ပွဲဝင်ကြမည်ဖြစ်သည်။

တရားမဝင်ရွေးကောက်ပွဲအပိုင်း၁ကို မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ကျိုက်မရော၊ချောင်းဆုံ၊မော်လ မြိုင်နှင့်သထုံမြို့နယ်တို့တွင် ဒီဇင်ဘာ၂၈ရက်၌ ပြုလုပ်သွားမည်ဟု သိရသည်။