စစ်ကော်မရှင် (စကမ) သည် လာမည့်ရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက်ဟုဆိုကာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသူ ၃,၀၈၅ ဦး အား ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီး၊ တရားစွဲဆိုခံထားရသည့် ၅,၅၈၀ ဦး ၏ အမှုများကို ပိတ်သိမ်းကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၂၆) ရက်နေ့တွင် ကြေညာခဲ့သည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ ၅၀၅-က ဖြင့် ပြစ်မှုထင်ရှားစီရင်ခံရပြီး အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၃,၀၈၅ ဦး ကို လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းဖြစ်သည်။
၅၀၅-ကဖြင့် အကျဉ်းသား ၊ အကျဉ်းသူ ၇၂၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန်ဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ပြစ်မှုကျူးလွန်ပါက ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံရမည်ဟု စကမက ခြိမ်းခြောက်ထားသည်။
ထို့ပြင် ၅၀၅-ကဖြင့် အကျဉ်းသား ၂,၃၆၁ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် လွှတ်ပေးခဲ့ပြီး အထက်ပါအတိုင်း ခြိမ်းခြောက်မှုများကို ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ၅၀၅-ကဖြင့် တရားစွဲဆိုခံထားရသည့် တရားရုံးများတွင် ကြားနာစစ်ဆေးဆဲအမှုပေါင်း ၅,၅၈၀ ကိုလည်း ပိတ်သိမ်းလိုက်ကြောင်း စစ်ကော်မရှင်က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
စစ်ကော်မရှင်၏ ထုတ်ပြန်ချက်တွင် “အတုအယောင်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက်” ဤကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တိတိကျကျ ဖော်ပြထားသည်။
ရာဇသတ်ကြီးပုဒ်မ ၅၀၅-က သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားကို ဝေဖန်သူများနှင့် ဆန္ဒပြလှုပ်ရှားသူများကို အရေးယူရာတွင် စစ်ကောင်စီက အများဆုံးအသုံးပြုခဲ့သော ပုဒ်မဖြစ်သည်။
