ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ပြည်သူကို အနိုင်ကျင့်ဒုက္ခပေးနေသည့် စစ်အုပ်စုဝင်များကို PDF တို့ ဝင်ရောက်ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ယနေ့ (နိုဝင်ဘာ ၂၆ ရက်) နံနက် ၁၀ နာရီ ၁၁ မိနစ်ခန့်တွင် နတ်တလင်းမြို့နယ်၊ ပြည်လမ်းမဘေးရှိ ရှားဖြူကုန်းကျေးရွာ အနီး၌ ပြည်သူကို အနိုင်ကျင့်နေသည့် စစ်အုပ်စုဝင် ၈ ဦးအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ တပ်ရင်းထံက သိရသည်။
” စစ်ခွေးတွေက ရဲခွေးရော ပျူတွေရောပေါ့နော်။ အားလုံး ၈ယောက်ပဲတွေ့တာ။ ဝင်ပစ်လိုက်တာ ပေါ့။ ဝုန်းဒိုင်းကြဲအောင်လည်း ပစ်ရော လှဲလည်း လှဲပစ်ကုန်ရော သူတို့က ပြန်ခံပစ်တာ။ သူတို့ (PDF ရဲဘော်)လည်း သေနတ်က ဘောက်တစ်ဘောက်စီပဲ ဖြစ်တဲ့အခါမျိုးကျတော့ နောက်ကြောင်း ပြဆုတ်လိုက်တာပေါ့။ နည်းနည်းလေးပြန်ဆုတ်ပြီးတော့ မိနစ် ၂၀လောက်ကြာတော့မှ ပြန်ဝင်ပစ်တယ်။ ရှေ့ကိုထပ်ထွက်ပြီးတော့ ပြန်သိမ်းရတာ အဲ့နေရာကို။ စီးတဲ့အချိန်ကျတော့ အလောင်းတွေမတွေ့တော့ဘူး။ သွေးတို့ဘာတို့တွေ့တယ်။ ဆိုင်ကယ်တွေတွေ့တယ် ” ဟု သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ ဒုတပ်ရင်းမှူး ဦးညီက MPA သို့ပြောသည်။
ယင်းပြည်လမ်းမပေါ်ကို ကြာနီကန်ရဲစခန်း၊ တောင်ညိုမြို့သစ်အထိုင်စခန်းနှင့် မြို့ထဲရှိ အထိုင်စခန်း များမှ စစ်အုပ်စုဝင်များ လာရောက်ပြီး ပြည်သူများအား ဖမ်းဆီးငွေညှစ်နေကြောင်းသိရသည်။
” နတ်တလင်းအရှေ့ခြမ်းပေါ့။ ပြည်လမ်းမဘေးရှိတဲ့ရွာတွေက ပြည်သူတွေပေါ့နော်။ ရွာပေါင်း များစွာက ပြည်သူတွေ ဈေးဝယ်ဈေးခြမ်းသွားလို့ရှိရင် ဒီကောင်တွေက ချောင်းပြီးတော့ ဂိတ်ကို ဟိုနေရာ ဒီနေရာထိုင်လိုက်။ အဲ့လိုချောင်းပြီးတော့ ၄၊ ၅၊၈ယောက် ၁၄၊ ၅ယောက် စောင့်ပြီးတော့မှ ဖမ်းတာ။ ဖမ်းပြီးတော့ ပစ္စည်းတွေသိမ်းတာတို့၊ ရိုက်ပုတ်တာတို့။ သူတို့ကိုပိုက်ဆံပေးနိုင်ရင်ပြန် လွှတ် တယ်ပေါ့။ မပေးနိုင်ရင် ဆွဲထားလိုက်ရော။ အဲ့လိုဂိတ်တွေ။ အဲ့လိုဂိတ်တွေကိုပစ်တာပါ။ အထိုင်ဂိတ်တွေမဟုတ်ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် ဆိုင်ကယ် ၄စီးနှင့် စကားပြောစက် တစ်လုံးသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့နှင့် ရှားဖြူကုန်းရွာသည် တစ်မိုင်သာဝေးကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၆နှင့် နတ်တလင်းမြို့နယ်ပကဖတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များအထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
စစ်အုပ်စုဝင်များ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
