အမေရိကန် ကွန်ဂရက်လွှတ်တော်နှစ်ရပ်လုံး၏ နိုင်ငံခြားရေးရာကော်မတီ ခေါင်းဆောင်များက စစ်ကော်မရှင်က စီစဉ်နေသည့် အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ရှုတ်ချရန် ထရမ့်အစိုးရအဖွဲ့နှင့် ဒီမိုကရေစီမဟာမိတ်များအားလုံးကို တိုက်တွန်းလိုက်သည့် ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
ကော်မတီခေါင်းဆောင်များသည် ဤရွေးကောက်ပွဲသည် စစ်တပ်အတွက် တရားဝင်မှု အတုအယောင် ဖန်တီးပေးရန် တရုတ်နိုင်ငံ၏ ပံ့ပိုးမှုဖြင့် ကြိုးကိုင်ဖန်တီးထားခြင်း ဖြစ်သည်ဟု ပြင်းပြင်းထန်ထန် သုံးသပ်ပြောဆိုခဲ့သည်။
အောက်လွှတ်တော်အမတ် ဂရက်ဂိုရီ ဒဗလျူ မီးခ်စ် (Gregory W. Meeks) နှင့် ဘရိုင်ယန် မတ်စ် (Brian Mast)၊ ဆီးနိတ်အမတ် ဂျင်း ရှာဟင်း (Jeanne Shaheen) နှင့် ဂျိမ်းစ် အီး ရစ်ရှ် (James E. Risch) တို့က အဆိုပါ ကြေညာချက်ကို ပူးပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“အမေရိကန် လွှတ်တော်အမတ်တွေက ထရမ့်အစိုးရကို အခုလိုတောင်းဆိုလိုက်တာကိုကြိုဆိုပါတယ်။ အခုတောင်းဆိုချက်က တော်လှန်ရေးအတွက် အားဖြစ်စေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာပြည်ကအေးချမ်းတော့မယ့်ပုံနဲ့ ထရမ့်အစိုးရက ထုတ်ပြန်ခဲ့တယ်လေ၊ အဲ့ဒီဟာကို ကောင်တာပြန်ပြီးတော့ လွှတ်တော်အမတ်တွေက ပြန်တောင်းဆိုတာဖြစ်နိုင်တယ်” ဟု အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားတစ်ဦးက မှတ်ချက်ပြုသည်။
ကော်မတီခေါင်းဆောင်များ၏ အဆိုအရ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲများသည် “အတုအယောင်သာ” ဖြစ်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်မှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မြန်မာပြည်သူများအပေါ် ဆက်လက်ကျူးလွန်နေသော အကြမ်းဖက်မှုများကြားမှပင် တရုတ်၏ ကျောထောက်နောက်ခံဖြင့် ရပ်တည်နေသော စစ်ကော်မရှင်အတွက် တရားဝင်မှု (Legitimacy) အတုအယောင်ကို ဖန်တီးပေးရန် သာ ဖြစ်ဟု ဆိုထားသည်။
ထို့ပြင် ကြေညာချက်၌ စစ်ကော်မရှင် အာဏာသိမ်း ငါးနှစ်နီးပါးကာလအတွင်း တရုတ်နှင့် ရုရှားတို့ထံမှ နိုင်ငံရေးနှင့် စစ်ရေး အကူအညီများ တိုးမြှင့်ရရှိနေသော်လည်း နယ်မြေထိန်းချုပ်နိုင်ရန် ရုန်းကန်နေရဆဲဖြစ်သည်ကို ထောက်ပြထားသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ၏ ကြားနာပွဲ၌ စစ်ကော်မရှင်၏ ရွေးကောက်ပွဲများသည် လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်ကြောင်း သုံးသပ်ခဲ့သည်။ အကြောင်းရင်းများမှာ ၂၀၂၃ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် ပါတီအများအပြားကို ဖျက်သိမ်းခဲ့ခြင်း၊ ၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးကောက်ခံခဲ့ရသော လွှတ်တော်ကိုယ်စားလှယ်များစွာကို ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် ပြည်ပသို့ တိမ်းရှောင်စေခြင်းတို့ကြောင့် ဖြစ်သည်။
“အမေရိကန်လွှတ်တော်ရဲ့ အဓိကနိုင်ငံခြားရေးရာ ကော်မတီခေါင်းဆောင်တွေကနေ မြန်မာနိုင်ငံရဲ့ အခြေအနေကို ဒီလောက်ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုတာဟာ အရေးကြီးပါတယ်။ ဒါဟာ ပြည်သူလူထုရဲ့ တော်လှန်ရေးအားထုတ်မှုတွေကို နိုင်ငံတကာအဆင့်မှာ အလေးအနက် အသိအမှတ်ပြုလိုက်ခြင်း ဖြစ်ပါတယ်။ စစ်တပ်ဟာ နိုင်ငံရေးနဲ့ စစ်ရေးအကူအညီတွေ ရနေပေမယ့် နယ်မြေထိန်းချုပ်ဖို့ ရုန်းကန်နေရတယ်ဆိုတာကို ထောက်ပြခြင်းဟာ လက်ရှိတော်လှန်ရေးရဲ့ အရှိန်အဝါကို အသိအမှတ်ပြုရာ ရောက်ပါတယ်” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
ထို့ပြင် ကော်မတီခေါင်းဆောင်များက အမေရိကန်ပြည်ထောင်စုအနေဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်နှင့်အညီ၊ ဤ “ချို့ယွင်းချက်များရှိနေသော ရွေးကောက်ပွဲများ” နှင့် ရွေးကောက်ပွဲရလဒ်များကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြောဆိုရန် ထရမ့်အစိုးရကို တိုက်တွန်းထားသည်။
ယင်းအပြင် သေဒဏ်၊ ထောင်ဒဏ်နှင့် နှိပ်စက်ညှဉ်းပန်းခံရမည့် အန္တရာယ်များကြားမှပင် စစ်ကော်မရှင်၏ အာဏာရှင်အုပ်ချုပ်မှုကို ရဲဝံ့စွာ တွန်းလှန်နေသော မြန်မာပြည်သူများဘက်မှ အမေရိကန်ပြည်ထောင်စုသည် ရပ်တည်ရမည်ဖြစ်ကာ ဤအခြေအနေများအောက်တွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ရွေးကောက်ပွဲအမည်ခံ ပြက်လုံးကို ပြတ်ပြတ်သားသား ပယ်ချရမည်ဟု လွှတ်တော်အမတ် လေးဦးက တိုက်တွန်းထားသည်။
