တိုက်ပွဲဖြစ်ပွားနေသည့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသများမှ မန္တလေးမြို့သို့ စစ်ဘေးရှောင်လာသည့် ပြည်သူများ၏ မှတ်ပုံတင်ကို စစ်တပ်က သိမ်းယူမှုများပြုလုပ်နေပြီး မဲထည့်မှ ပြန်ပေးမည်ဟု ပြောကြားကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများထံမှ စုံစမ်းသိရှိရသည်။
ယခုလဆန်းပိုင်းမှ စတင်ကာ စစ်ကော်မရှင်တပ်များသည် စစ်ကိုင်းတံတားတွင် ပြည်သူများကို စစ်ဆေးမှုများ တင်းကျပ်ပြီး မှတ်ပုံတင်များကိုပါ သိမ်းဆည်းမှုများ ပြုလုပ်နေခြင်းဖြစ်သည်။
ထိုကဲ့သို့ မှတ်ပုံတင်များ သိမ်းယူမှုအပြင် စစ်ရှောင်ပြည်သူများ တည်းခိုမည့် နေရပ်လိပ်စာ အတိအကျကိုပါ စာရင်းကောက်ယူနေခြင်းဖြစ်ကြောင်း မှတ်ပုံတင် သိမ်းခံရသည့် ပြည်သူတစ်ဦးက ပြောသည်။
“စစ်ကိုင်းတံတားမှာ အဖွဲ့စုံ စစ်ဆေးရေးဂိတ်ကနေ မှတ်ပုံတင်သိမ်းလိုက်တယ်။ သွားမယ့်နေရာက ရပ်ကွက်အုပ်ကြီးကို ချိတ်ဆက်ခိုင်းပြီး မဲပေးခါနီးမှ အုပ်ကြီးကတစ်ဆင့် ပြန်ပေးမယ်လို့ပြောတယ်။ ဘယ်လိုမှ ပြောလို့မရလို့ နောက်ဆုံး ပေးခဲ့ရတယ်” ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ စစ်ကိုင်းတံတား၌ မှတ်ပုံတင်သိမ်းခြင်းကို လူတိုင်းကို ပြုလုပ်ခြင်းမဟုတ်ဘဲ မိသားစု ငါးဦးထက်ရှိသည့် စစ်ဘေးရှောင် မိသားစုများကိုသာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း MPA၏ မြေပြင်သတင်းရင်းမြစ်များက ပြောသည်။
ထို့ပြင် မှတ်ပုံတင်သိမ်းယူခြင်းကို စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ရှောင်သူများကို ဦးတည်ပြီးလုပ်ဆောင်နေသည့်အပြင် စစ်မှုထမ်းအကြုံးဝင်သည့် လူငယ်များကိုလည်း ဖမ်းဆီးမှုများအား စစ်ကိုင်းတံတား၌ ပေါ်ပေါ်ထင်ထင်လုပ်ဆောင်နေကြောင်း သိရသည်။
“ရှမ်းမြောက်ဒေသဖြစ်တဲ့ မိုးကုတ်၊ ကျောက်မဲနဲ့ နောင်ချိုကလူတွေကို ပိုပြီးတော့ မှတ်ပုံတင်တွေသိမ်းတယ်။ စစ်မှုထမ်းနဲ့ ဖမ်းတာမျိုးတွေလဲရှိတယ်” ဟု ရဲသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ယခုလို မှတ်ပုံတင်များ သိမ်းဆည်းပြီး တရားမဝင်ရွေးကောက်ပွဲအတွက် မဲပေးရန် စေခိုင်းခြင်းသည် ရွေးကောက်ပွဲ ဥပဒေနှင့် မညီသလို အင်အားသုံးကာ ပြည်သူကို အတင်းအကျပ် မဲပေးခိုင်းသည့် သဘောဖြစ်နေကြောင်း နိုင်ငံရေးသုံးသပ်သူတစ်ဦးက ဆိုသည်။
စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲကို ပြည်သူများ မဲထည့်စေရန်အတွက် ၎င်းတို့ စိုးမိုးထားသည့်နေရာများ၌ နည်းမျိုးစုံကာ ခြိမ်းခြောက်မှုများရှိလာနိုင်သောကြောင့် ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် နိုင်ငံရေးသုံးသပ်သူတစ်ဦးက ဆက်လက်အကြံပြုထားသည်။
လာမည့် ဒီဇင် ၂၈ရက်တွင် စစ်ကော်မရှင်က တရားမဝင်ရွေးကောက်ပွဲ အပိုင်း ၁ကို ပြုလုပ်ရန် ပြင်ဆင်ထားပြီး တိုက်ပွဲများဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင်လည်း ရွေးကောက်ပွဲများ ပြုလုပ်မည်ဟု ထုတ်ပြန်ထားသည်။
