တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ သီးခြားတွေ့ဆုံဆွေးနွေးကြမည်ဟု တရုတ်အစိုးရက စက်တင်ဘာ ၄ရက်တွင် ထုတ်ပြန်လိုက်သည်။
မြောက်ကိုရီးယားခေါင်းဆောင်သည် ရှားရှားပါးပါး နိုင်ငံခြားခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ရောက်ရှိနေပြီး ပေကျင်းတွင် ကျင်းပသည့် ခမ်းနားသော စစ်ရေးပြပွဲ၌ ရေအောက်မောင်းသူမဲ့ယာဉ်များ၊ ဧရာမဒုံးကျည်များနှင့် လေဆာလက်နက်များကို နိုင်ငံခြားခေါင်းဆောင်များရှေ့တွင် ပြသခဲ့ရာ ကင်မ်နှင့် ရုရှားသမ္မတ ဗလာဒီမီယာပူတင်တို့သည် ရှီ၏ ဘေးမှ ပါဝင်ခဲ့သည်။
၁၉၅၀ ပြည့်လွန်နှစ်များက ကိုရီးယားစစ်ပွဲတွင် စတင်ခဲ့ပြီးနောက် တရုတ်နိုင်ငံသည် မြောက်ကိုရီးယား၏ အရေးအပါဆုံးမဟာမိတ် ဖြစ်သည်။
ကင်မ်သည် သမီးဖြစ်သူ ကင်မ်ဂျူအဲနှင့်အတူ အင်္ဂါနေ့က ပေကျင်းသို့ ရောက်ရှိခဲ့ရာ ၎င်း၏ခြောက်နှစ်အတွင်း ဒုတိယမြောက်နိုင်ငံခြားခရီးစဉ်နှင့် ၂၀၁၉ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံသို့ ပထမဆုံးခရီးစဉ်ဖြစ်သည်။
စစ်ရေးပြပွဲသို့ တက်ရောက်ခြင်းသည် ရှီနှင့် ပူတင်တို့နှင့်အတူ ပွဲတစ်ခုတည်းတွင် ပထမဆုံးအကြိမ်အဖြစ် ၎င်းကို တွေ့မြင်ခဲ့ရခြင်း ဖြစ်သည်။
ကင်မ်နှင့် ရှီတို့ ကြာသပတေးနေ့တွင် တွေ့ဆုံကြမည်ဟု တရုတ်အစိုးရက ထုတ်ပြန်ထားသည်။
“ခေါင်းဆောင်နှစ်ဦးဟာ မြောက်ကိုရီးယား-တရုတ်ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ပြီး အမြင်ချင်းဖလှယ်ကြပါလိမ့်မယ်” ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂူအို ကျီအာကွန် က ပြောကြားသည်။
“တရုတ်ဟာ မြောက်ကိုရီးယားနဲ့အတူ မဟာဗျူဟာမြောက် ဆက်သွယ်ရေးကို ခိုင်မာစေဖို့… အုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံဖလှယ်မှုတွေကို နက်ရှိုင်းစေဖို့ ဆန္ဒရှိပါတယ်” ဟု ဂူအိုက ထပ်လောင်းပြောကြားခဲ့သည်။
ကင်မ်သည် ၂၀၁၈ ခုနှစ်ဝန်းကျင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ပ်နှင့် ထိုစဉ်က တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်တို့နှင့် အကြိမ်ကြိမ်တွေ့ဆုံခဲ့ပြီး နိုင်ငံတကာသံတမန်ရေးရာတွင် လူသိများခဲ့သည်။
သို့သော် ၂၀၁၉ ခုနှစ်က ဟနွိုင်းတွင် ထရန့်ပ်နှင့် ထိပ်သီးအစည်းအဝေးပျက်ပြားပြီးနောက်ပိုင်းတွင် ၎င်းသည် ကမ္ဘာ့အသိုင်းအဝိုင်းမှ ဆုတ်ခွာသွားခဲ့သည်။
တရုတ်အစိုးရသည် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများ ခံနေရသည့် မြောက်ကိုရီးယားကို သံတမန်ရေးရာ၊ စီးပွားရေးနှင့် နိုင်ငံရေးအရ ထောက်ပံ့ကူညီပေးခဲ့သည်။
