လွတ်ငြိမ်းခွင့်တွင် အရေးပါသောခေါင်းဆောင်များမပါ၍ နိုင်ငံတကာဖိအားများ ဆက်ရှိနိုင်၊ လွတ်ငြိမ်း ၁၈ ကြိမ်တွင် နိုင်ကျဉ်း ၁၃ ရာခိုင်နှုန်းကျော်သာ ပါ

ဓာတ်ပုံ - MPA

စစ်ကော်မရှင်၏ နိုဝင်ဘာ၂၆ရက် လွတ်ငြိမ်းခွင့်တွင် အရေးပါသော နိုင်ငံရေးခေါင်းဆောင်များ မပါသဖြင့် နိုင်ငံတကာဖိအားများ ဆက်ရှိနေနိုင်ကြောင်း ISP-Myanmar က ဆိုသည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ နိုင်ငံတကာ၏ တူညီဆန္ဒများထဲတွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ပြန်လွှတ်ပြီး အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရေးတိုက်တွန်းချက်လည်း ပါဝင်ကြောင်း ISP-Myanmar က ထုတ်ပြန်သည်။

“သူတို့(စစ်ကော်မရှင်)ရဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာထောက်ခံမလားဆိုပြီး ၅၀၅(က)လွတ်ငြိမ်းနဲ့ မျှားကြည့်တဲ့သဘောပါ။အခုတရားမဝင်ရွေးကောက်ပွဲကနေ ဖြစ်ပေါ်လာမယ့် တရားမဝင်အစိုးရတစ် ရပ်ကို ရွေးကောက်ခံအစိုးရတစ်ရပ်အသွင် ထိုးရှိုးနိုင်ဖို့ စစ်ကော်မရှင်ရဲ့ လှည့်စားချက်တစ်ရပ်ပါပဲ”ဟု မုံရွာအခြေစိုက်တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။

နိုဝင်ဘာ၂၆ရက် လွတ်ငြိမ်းခွင့်သည် မြန်မာနိုင်ငံသားများအပေါ် အမေရိကန်ပြည်ထောင်စုက ယာယီခိုလှုံခွင့်ပြုသည့် (TPS) အစီအစဉ်ကို နိုဝင်ဘာ ၂၅ ရက်တွင် ဖျက်သိမ်းလိုက်ခြင်းနှင့် စစ်ကော်မရှင်၏ ဥရောပမဟာမိတ်တဦးဖြစ်သော ဘယ်လာရုစ်သမ္မတ မစ္စတာအလက်ဇန္ဒားလူကာရှန်ကို နေပြည်တော်သို့ နိုဝင်ဘာ၂၇ရက်ညက ရောက်ရှိနေခြင်းနှင့် ဆက်စပ်နေကြောင်း ISP-Myanmar ကဆိုသည်။

အမေရိကန်အစိုးရက TPSအစီအစဉ် ဖျက်သိမ်းခြင်းအပေါ် မြန်မာနိုင်ငံ၌ တရုတ်နိုင်ငံ၏ ကြားဝင်မှု ဖြင့် အောင်မြင်သော အပစ်အခတ်ရပ်စဲမှုဖြစ်နေခြင်း၊ ရွေးကောက်ပွဲအစီအစဉ်များရှိနေခြင်းနှင့် အရေးပေါ်ကာလပြီးဆုံး၍ နိုင်ငံသားများ ဘေးကင်းစွာနေရပ်ပြန်နိုင်ခြင်း စသည်တို့ကို အကြောင်းပြချက်ပေးထားသည်။

စစ်တပ်အာဏာသိမ်းပြီး ၅နှစ်နီးပါးအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ၁၈ ကြိမ်ကြေညာခဲ့ပြီး အကျဉ်းသူ၊အကျဉ်းသား ၁၁၂,၉၂၆ ဦးကို ပြန်လွှတ်ခဲ့ရာ ထိုအထဲတွင် နိုင်ငံရေးအကျဉ်းသား ၁၅,၄၄၄ ဦးပါဝင်သဖြင့် နိုင်ငံရေးအကျဉ်းသားပါဝင်မှုမှာ ၁၃ ဒသမ ၇ ရာ ခိုင်နှုန်းသာရှိကြောင်း ISP-Myanmar ကထုတ်ပြန်သည်။

၅၀၅(က)ဖြင့်အမှုဖွင့်ခံထားရပြီး တိမ်းရှောင်နေသူနှင့် တရားစွဲဆိုခံထားရသူ ၅၅၈၀ကို အမှုပိတ်သိမ်း ခဲ့ပြီး ၅၀၅(က)ဖြင့် ထောင်ကျနေသူ ၂၃၆၁ဦး အား လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကော်မရှင်က နိုဝင်ဘာ၂၆ရက်ဥထုတ်ပြန်ခဲ့သည်။

စစ်အာဏာသိမ်းခြင်းကို လက်မခံမှုနှင့် ဆန့်ကျင်မှုများကြောင်း စစ်ကော်မရှင်အကျဉ်းထောင်များထဲ တွင် နိုင်ငံရေးအကျဉ်းသား ၂၂၇၀၂ဦးထက်မနည်းရှိနေဆဲဖြစ်ကြောင်း ISP-Myanmar က ဆိုသည်။