အာဏာသိမ်း စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ပြည်တွင်း၌ အင်တာနက် ပိတ်ဆို့ချိန်များ ပို၍ ကြာမြင့်လာလျှက် ရှိနေကြောင်း လူထုထံမှ စုံစမ်း သိရှိရသည်။
ယခုလဆန်းပိုင်းတွင် ရေအောက် ဖိုင်ဘာကြိုးများ ပြတ်တောက်သည်ဟု ဆိုသော အကြောင်းပြချက်ဖြင့် Wifi နှင့် မိုဘိုင်း အင်တာနက် လိုင်းများ ဆိုးဆိုးရွားရွား ပြတ်တောက် ကျဆင်းမှုများ ဖြစ်ခဲ့သည်။
အဆိုပါ လိုင်းပြတ်၊ လိုင်းကျမှုများသည် ယခု အချိန်ထိ မူလအတိုင်း ပြန်လည် ကောင်းမွန်ခြင်း မရှိသေးပေ။
” ငါးမန်းကိုက်လို့ လိုင်းပြတ်တယ် ပြောပြီး အခုထိ လိုင်းတွေက ပြန်မကောင်းတော့ဘူး။ Data (မိုဘိုင်း အင်တာနက်) ဖွင့်သုံးလည်း မကောင်းဘူး။ Wifi က ပိုဆိုးတယ်” ဟု ပြည်တွင်း သတင်းထောက်တစ်ဦးက ၄င်းကြုံတွေ့ရသည်ကို ပြောသည်။
ပြည်တွင်းရှိ အော်ပရေတာများသည် လိုင်းကျဆင်းမှုအတွက် ရေအောက် ကေဘယ်ကြိုးများ ပြုပြင်နေသည်ဟုသာ အကြောင်းပြနေပြီး မည်သည့် အချိန်တွင် ပြန်ကောင်းမည် ဆိုခြင်းကိုမူ တိကျရေရာစွာ ပြောဆိုကြခြင်း မရှိပေ။
” ဟုတ်ကဲ့ လူ အသုံးများတဲ့ ညနေ ၅နာရီ နောက်ပိုင်းတွေဆို လိုင်းကျနိုင်ပါတယ်ခင်မျာ။ ဘယ်တော့ပြန်ကောင်းမယ်ဆိုတာ ပြုပြင်မှုအပေါ်မူတည်လို့ မသိရသေးပါဘူး” ဟု Atom Fiber Internet အော်ပရေတာ ဝန်ထမ်းတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ အင်တာနက် လိုင်းကျမှုများသည် VPN အသုံးပြုခြင်းနှင့် အဓိကသက်ဆိုင်နေပြီး VPN မသုံးရသည့် Website များနှင့် Social App များသည် လိုင်းပိတ်ဆို့ခံရမှု သိသာစွာ လျော့နည်းသည်ဟု သိရသည်။
အထူးသဖြင့် နေ့လယ် ၁၂နာရီကျော်မှ မွန်းလွဲ၃နာရီဝန်းကျင်ထိ လည်းကောင်း၊ ညနေ ၅နာရီကျော်မှ ည ၁၁နာရီခန့်ထိသည်လည်းကောင်း Vpn အသုံးပြု Website နှင့် Social App များ သုံးမရသည်ထိ အင်တာနက် ပိတ်ဆို့ခံရမှုများ ဖြစ်နေခြင်း ဖြစ်သည်။
” ညနေ ၅နာရီလောက်ကနေစပြီး facebook သုံးမရတာ နှစ်ပတ်လောက်ရှိပြီ။ Vpn မလိုတဲ့ Tiktok ဆို လိုင်းကောင်းတယ်” ဟု ရန်ကုန်မြို့နေ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
အာဏာသိမ်း စစ်တပ်၏ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ပါတီများသည် Vpn အသုံးပြုရသည် Facebook ပေါ်တွင်သာ အဓိက မဲဆွယ်နေကြသော်လည်း အာဏာသိမ်း စစ်တပ်က ရွေးကောက်ပွဲ နီးလာသည့်တိုင် Vpn ကို ဖြေလျှော့ပေးခြင်း မရှိသေးပေ။
” ၅၀၅ တွေလွှတ်ပေးပီးရင် VPN လေးလွှတ်ပေးပါတော့” ဟု စစ်တပ် အာဏာသိမ်းမှုထောက်ခံသူ နာမည်ကြီး ဆယ်လီ Kyaw Gyi MDY က တောင်းဆိုထားသည်ကို တွေ့ရသည်။
အာဏာသိမ်း စစ်တပ်သည် ၄င်းတို့ပြုလုပ်မည့် ရွေးကောက်ပွဲတွင် အရပ်ဝတ်လဲ စစ်ဗိုလ်ချုပ်များဦးဆောင်သည့် ကြံ့ခိုင်ရေး ပါတီ အနိုင်ရရန် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်ပေးနေပြီး အဆိုပါ ကြံ့ခိုင်ရေးပါတီသည် ၄င်းတို့ အာဏာရလာပါက အင်တာနက်ဆက်လက်ပိတ်ဆို့မည်ဟု ကြေညာထားသည်။
