စစ်ကော်မရှင်က ပြန်လည်ရရှိခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မြို့နယ်များသည် ဟိုင်ဂင် သဘောတူညီချက်အပေါ် အခြေခံပြီး တရုတ်ဖိအားပေးညှိနှိုင်းမှုကြောင့် ပြန်လည်ရရှိခဲ့ခြင်ဖြစ်ပြီး ထပ်မံရရှိရန် မြို့များ မရှိတော့ကြောင်း စစ်တပ်လော်ဘီများက တယ်လီဂရမ်ချန်နယ်များ၌ ရေးသားထာသည်။
တရုတ်၏ ထောက်ခံမှုဖြင့် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ (TNLA, MNDAA, AA) စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးသည် ရှမ်းမြောက်မြို့ ၁၆ မြို့ သိမ်းပိုက်ပြီးနောက် ဇန်နဝါရီ ၁၁၊ ၂၀၂၄ တွင် ဟိုင်ဂင်သဘောတူညီချက်ဖြင့် ရပ်ဆိုင်းခဲ့သည်။
သို့သော် ၂၀၂၄ခုနှစ် ဇွန် ၂၄ရက်မှ စတင်ကာ ညီနောင်မဟာမိတ်သုံးဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းစတင်ပြီးနောက် မြို့များကို ဆက်လက်သိမ်းပိုက်ခဲ့သည့်အတွက် စစ်ကော်မရှင်ကိုထောက်ခံသူများက ယင်းအဖွဲ့တို့သည် ဟိုင်ဂင်သဘောတူညီချက်ကို စတင်ချိုးဖောက်ခဲ့သည်ဟု ဆိုထားသည်။
“လော်ဘီတွေ အခုလိုထုတ်ပြောလာတာက စဉ်းစားစရာနှစ်ချက်ရှိတယ်။ ပထမအချက်က ရှမ်းမြောက်က မြို့တွေကို တရုတ်ကြီးက ထပ်မတောင်းပေးတော့ဘူးလို့ သဘောရှိတယ်။ နောက်တစ်ချက်ကတော့ တရုတ်အကူအညီမယူတော့ဘဲနဲ့ စစ်ရေးအရှိန်မြှင့်တော့မယ်ဆိုပြီးတော့ နိုင်ငံတကာကို အပြလုပ်တော့မဲသဘောရှိတယ်။ အဓိကကတော့ လာမယ့် စစ်ပွဲတွေမှာ စစ်ရေးအရရော နိုင်ငံရေးအရပါ ပြင်ဆင်ရန် ရည်ရွယ်ပြီး ဝါဒဖြန့်တာပါ” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
၁၀၂၇ ဒုတိယပိုင်းအတွင်း TNLAက နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် နှင့် MNDAAက လားရှိုးမြို့တို့ သိမ်းပိုက်နိုင်ခဲ့သော်လည်း တရုတ်က စစ်တပ်ကို သိသိသာသာ ကူညီခဲ့ခြင်းကြောင့် မိုးမိတ်မှ အပကျန်မြို့များသည် စစ်ကော်မရှင် လက်အောက်သို့ ပြန်လည်ရောက်ရှိခဲ့ရသည်။
ထို့ပြင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း၌ ကြားခံနယ်အဖြစ် ထားသည့် UWSA ထိန်းချုပ်ထားသည့် တန့်ယန်းမြို့နှင့် SSPP ထိန်းချုပ်ထားသည့် မြို့များသည် မည်သို့ ဆက်ဖြစ်မည်ကို မခန့်မှန်းနိုင်ကြောင်း စစ်တပ်လော်ဘီများက ဆိုထားသည်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရုတ်အကူအညီဖြင့် ညှိနှိုင်းပြီး ပြန်လည်ရရှိသည့် မြို့များ ကုန်ဆုံးသွားပြီဟု ယူဆပြီး၊ ကျန်ရှိသော နယ်မြေများအတွက် စစ်ရေးအရ တိုက်ယူမည်ဟု လော်ဘီများက ကြုံးဝါးထားသည်။
” ရှမ်းမြောက်က ညီနောင်တွေ ဆက်လက်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်တပ်က ထိုးစစ်ကို အရှိန်မြှင့်မယ်နဲ့တူတယ်။ ဒီနှစ်ထဲမှာ ပြန်ပါသွားတဲ့ မြို့တွေက မနည်းဘူး။ စစ်ရေးဗျူဟာကို သေချာမချထားရင်တော့ တအိအိနဲ့ စစ်တပ်က အကုန်ပြန်ယူသွားနိုင်တယ်” ဟု ရှမ်းပြည်နယ်မြောက်ပိုင်း မြို့သိမ်းတိုက်ပွဲများ၌ ပါဝင်ခဲ့သည့် အညာဒေသမှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ယင်းအပြင် ရခိုင်နှင့် ကချင်ပြည်နယ်တို့တွင် AA နှင့် KIA က သိမ်းပိုက်ခဲ့သည့် မြို့များသည် ဟိုင်ဂင်စာချုပ်၌ မပါဝင်သည့်အတွက် တိုက်ယူရမည်ဟုလည်း စစ်တပ်လော်ဘီများက ရေးသားထားသည်။
ဆက်လက်ပြီး မူဆယ် ၁၀၅ မိုင်သည်လည်း ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကတည်း ညီနောင်မဟာမိတ်များ သိမ်းပိုက်ခဲ့သည့် နယ်မြေဖြစ်သောကြောင့် တရုတ်က ညှိနှိုင်းပေးမည့် အလားအလာမရှိသည့်အတွက် တိုက်ယူရမည်ဟု ဆိုထားသည်။
တရုတ်အကူအညီဖြင့် ထပ်မံတောင်းယူ၍ ရနိုင်သည့် နေရာများမှာ လားရှိုးမြို့အနီးရှိ နောင်မွန်၊ မယ်ဟန်ကျေးရွာများဖြစ်ပြီး လက်ရှိ ယင်းနေရာများကို MNDAA က ထိန်းချုပ်ထားဆဲဖြစ်သည်။
ထို့ကြောင့် စစ်ကော်မရှင်သည် တရုတ်၏ ကြားဝင်မှုဖြင့် ညှိနှိုင်းတောင်းယူ၍ ရနိုင်သော မြို့နယ်များမှာ ကုန်ဆုံးသလောက် ရှိပြီဖြစ်သည့်အတွက် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲပြီးနောက် တက်လာမည့် အမည်ခံအစိုးရသည် တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများကို ပိုမိုထိုးစစ်ဆင်လာနိုင်သည့်အတွက် တိုက်ပွဲများ ယခုထက် ပိုမိုပြင်းထန်လာမည်ကို သတိပြုသင့်ကြောင်း စစ်ရေးလေ့လာသူများက ထောက်ပြကြသည်။
စာတည်း-ကိုဆန်း
