30 Nov 2025 By / MPA
စစ်ကော်မရှင်က ကျင်းပရန် ပြင်ဆင်နေသည့် ၂၀၂၅ ရွေးကောက်ပွဲကို ကန့်ကွက်နေခြင်းမှာ “ခွေးလှေးခုန်လို့ ဖုန်မထ” သည့် ကိစ္စများသာဖြစ်ကြောင်း စစ်ကော်မရှင် လော်ဘီ မိုးဟိန်း (သူရိယနေဝန်း) က မြဝတီရုပ်သံမှတဆင့် ပြောဆိုလိုက်ပြီး ရက်ပိုင်းအတွင်းမှာပင် နိုင်ငံတကာအသိုင်းအဝိုင်းက အဆိုပါ ရွေးကောက်ပွဲကို တရားမဝင်ကြောင်း ခပ်စိပ်စိပ် ထုတ်ပြန် ရှုတ်ချလိုက်ကြသည်။
မြဝတီ ရုပ်သံတွင် ထုတ်လွှင့်နေသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ပညာပေးအစီအစဉ်တွင် မိုးဟိန်းက ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အစိုးရသည် ကမ္ဘာက အသိအမှတ်ပြုသော အစိုးရဖြစ်လာမည်ဟု ယုံကြည်မှုလွန်ကဲစွာ ပြောဆိုခဲ့သည်။ ထို့အပြင် ရွေးကောက်ပွဲကို ဆန့်ကျင်နေသူများ၏ အသံကိုလည်း “ခွေးလှေးခုန်လို့ ဖုန်မထဘူး” ဟု ခိုင်းနှိုင်းကာ လျစ်လျူရှု ပြောဆိုခဲ့သည်။
မိုးဟိန်းက “အသိအမှတ်မပြုဘူးဆိုတာ သူပုန်တွေ သောင်းကြမ်းသူတွေက ပြောနေတာပါ။ ဘယ်လိုလဲဆိုတော့ NUG က အာဏာလိုချင်တာကိုး။ ရွေးကောက်ပွဲအောင်မြင်သွားရင် ပေါ်ပေါက်လာမယ့် အစိုးရက ကမ္ဘာက အသိအမှတ်ပြုတဲ့ အစိုးရဖြစ်လာတော့မယ်။ ကမ္ဘာအသိအမှတ်ပြု လွှတ်တော်ကြီးတွေပါလာတော့မယ်။ လွှတ်တော်မှာ ခေါင်းပေါင်းကြီးတွေနဲ့ အမျိုးသား ဝတ်စုံကြီးတွေနဲ့ တိုင်းရင်းသားဝတ်စုံတွေနဲ့ ပြည်သူလွှတ်တော် ကိုယ်စားလှယ်တွေက စည်စည်ကားကားနဲ့ လွှတ်တော်ကြီး ကျင်းပတော့မယ်”ဟု ပြောဆိုထားသည်။
ထို့အပြင် “အလွန်ခန့်ညားတဲ့ အပြောင်းအလဲကြီးတစ်ခု ပေါ်ပေါက်လာတော့မယ်ဆိုတော့ အဖျက်သမားတွေက သွေးပျက်နေပြီ။ သူတို့က မြို့ကြီးတွေမှာ Five star ဟိုတယ်ကြီးတွေမှာတည်းနေတာ။ ရေနွေးဇလုံနဲ့ ရေချိုးပြီးတော့မှ ဟိုတယ်ကကျွေးတဲ့ ချိစ်တွေ၊ ပေါင်မုန့်တွေ၊ ကြက်ကင်တွေ၊ သိုးသားကင်တွေ စားပြီးတော့မှ အင်တာဗျူးပြီးတော့မှ တိုင်းပြည်ကလူကို တိုက်ကြခိုက်ကြ၊ ရွေးကောက်ပွဲက တရားမဝင်ဘူး။ အော်နေတာ။ သူတို့မျက်နှာတွေကြည့်ပါလား။ အဆီတဝင်းဝင်းနဲ့ တစ်ခါထဲ ပြည့်ဖြိုးပြီးတော့ အကုန်လုံးက ပြည့်ဖြိုးလှပနေတာ”ဟု သူက ဆက်ပြောထားသည်။
သို့သော် မိုးဟိန်း၏ ပြောဆိုချက် အသံမတိတ်မီမှာပင် ဥရောပသမဂ္ဂ (EU) ၏ ဥရောပပါလီမန်က နိုဝင်ဘာလ (၂၇) ရက်နေ့တွင် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်လိုက်ပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အစီအစဉ်အားလုံးကို “တရားမဝင်ကြောင်း” အတိအလင်း ပယ်ချလိုက်သည်။ စစ်ကော်မရှင် လော်ဘီများက နိုင်ငံတကာ ထောက်ခံမှု ရရှိတော့မည်ဟု ပုံဖော်နေချိန်တွင် ဥရောပပါလီမန်၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါ ဆုံးဖြတ်ချက်တွင် ၂၀၂၅ ဒီဇင်ဘာနှင့် ၂၀၂၆ ဇန်နဝါရီတွင် ကျင်းပမည့် ရွေးကောက်ပွဲများကို အတိအလင်း ပယ်ချကြောင်း၊ NUG နှင့် CRPH တို့ကိုသာ တရားဝင် ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေဖြင့် စစ်ကော်မရှင်အပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ဆို့မှု အရေးပေါ်ချမှတ်ရန် တောင်းဆိုကြောင်း ပြင်းထန်စွာ ဖော်ပြထားသည်။
“မိုးဟိန်းက ပြည်တွင်းမှာ သတင်းပိတ်ထားတော့ လူထုကို လိမ်လို့ရမယ်ထင်ပြီး ပြောနေတာ။ ဘယ်နိုင်ငံကမှ မငြင်းဘူးဆိုပြီး ပြောတဲ့အချိန်မှာပဲ EU ပါလီမန်က လုံးဝ လက်မခံဘူးဆိုတဲ့ စာထုတ်လိုက်သလို ဖြစ်သွားတယ်။ ခွေးလှေးခုန်တာ မဟုတ်ဘူး၊ နိုင်ငံတကာက စစ်ကော်မရှင်ကို ဝိုင်းပြီး ဖယ်ကြဉ်လိုက်တာပါ။ ဒီလို အချိန်ကိုက်ကြီး ဖြစ်သွားတော့ သူတို့ရဲ့ ဝါဒဖြန့် ယန္တရားကြီး တစ်ခုလုံး အရှက်ကွဲသွားတာပေါ့”ဟု နိုင်ငံရေး သုံးသပ်သူတစ်ဦးက သုံးသပ်သည်။
ဦးမိုးဟိန်းက NUG ခေါင်းဆောင်များကို “ဟိုတယ်တွင် ဇိမ်ခံနေသူများ” ဟု စွပ်စွဲသော်လည်း ဥရောပပါလီမန်၏ အစီရင်ခံစာတွင်မူ စစ်ကော်မရှင်၏ ဖိနှိပ်မှုများကို အသေးစိတ် ဖော်ပြထားသည်။ အထူးသဖြင့် Facebook တွင် မှတ်ချက်ရေးရုံဖြင့် ထောင်ချနိုင်သည့် ဥပဒေများ၊ ရွေးကောက်ပွဲကို ဝေဖန်လျှင် သေဒဏ်အထိ ပေးနိုင်သည့် ခြိမ်းခြောက်မှုများကို နိုင်ငံတကာက မျက်ခြည်မပြတ် စောင့်ကြည့်နေကြောင်း သက်သေပြလိုက်ခြင်း ဖြစ်သည်။
ရန်ကုန်မြို့ခံ လူငယ်တစ်ဦးကလည်း “သူက ခွေးလှေးခုန်လို့ ဖုန်မထဘူး ပြောတယ်။ အခု နိုင်ငံတကာက ဖုန်ထရုံမကဘူး မုန်တိုင်းပါ ဆင်လိုက်ပြီ။ သူတို့ ရွေးကောက်ပွဲကို ဘယ်သူမှ အသိအမှတ်မပြုဘူးဆိုတာ ဒီ EU ကြေညာချက်က သက်သေပဲ။ သူတို့ လိမ်ပြောနေတာတွေက အခုလို ခဏလေးနဲ့ ပေါ်သွားတာပဲ”ဟု ပြောဆိုသည်။
လက်ရှိအချိန်တွင် စစ်ကော်မရှင်သည် ရုရှားနှင့် တရုတ်တို့၏ ထောက်ခံမှုကိုသာ အားပြုနေရပြီး ဥရောပပါလီမန်ကမူ အဆိုပါ နိုင်ငံများကိုလည်း စစ်အုပ်စုအား ကူညီနေမှုအတွက် ပြင်းပြင်းထန်ထန် ရှုတ်ချထားသည်။
စစ်ကော်မရှင်က စီစဉ်နေသည့် ရွေးကောက်ပွဲကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ ၉ နိုင်ငံမှ ဥပဒေပြုလွှတ်တော်အမတ် ၁၆၃ ဦးတို့ကလည်း ပြင်းပြင်းထန်ထန် ရှုတ်ချထားပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ ငြင်းပယ်ရန် တိုက်တွန်းသည့် အိတ်ဖွင့်ပေးစာတစ်စောင်ကို ထုတ်ပြန်ထားသည်။
စာတည်း-ကိုဆန်း
