အလင်းဝင်စစ်မှုထမ်းအများစု စစ်တပ်ကို ပြန်တော်လှန်နေကြဟုဆို

အလင်းဝင်လာသည့် စစ်မှုထမ်းအများစုသည် တော်လှန်ရေးတပ်သားများဖြစ်လာကြောင်း မြန်မာ့ စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI က ဆိုသည်။

နိုဝင်ဘာ၃၀ရက်တွင် MDSI က ထုတ်ပြန်လိုက်သော ‘ပြည်သူ့စစ်မှုထမ်းဥပဒေ ဖော်ဆောင်သက် ရောက်မှု လေ့လာဆန်းစစ်ချက်”အစီရင်ခံစာ၌ အထက်ပါအတိုင်း ဖော်ပြထားသည်။

တောင်ပိုင်းတိုင်းစစ်ဒေသ၊ဗျူဟာ၃၂၊ကျားသစ်နက်စစ်ကြောင်းသို့ ဆက်သွယ်ပူးပေါင်းလာသော အောင်ဇေယျစစ်ကြောင်းမှ စစ်မှုထမ်းတပ်သားများသည် တော်လှန်ရေးတပ်ဖွဲ့ဝင်များအဖြစ် ပါဝင် နေကြသလို တောင်ပိုင်းစစ်ဒေသ၊ဒေါနစစ်ကြောင်း၊ ဂျော်ကာစစ်ကြောင်း၊ KNLAနှင့် PDF ပူးပေါင်း စစ်ကြောင်းများတွင်လည်း အလင်းဝင်စစ်မှုထမ်းတပ်သားများ ပူးပေါင်းတိုက်ပွဲဝင်နေကြောင်း ချင်း ပြည်နယ်သို့ ထိုးစစ်ဆင်လာသော စစ်ကြောင်းမှ အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သားများသည် လည်း ကလေးခရိုင်ပကဖနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်နေကြောင်း MDSI က ဖော်ပြသည်။

“၂၀၂၅ခုနှစ် အလင်းဝင်ရီပို့တွေကို ကြည့်လိုက်ရင် ပစ(စစ်မှုထမ်းတပ်သား)တွေရဲ အလင်းဝင်နှုန်းက သန္ဓေစစ်သားတွေထက် တစ်ဝက်ကျော်တောင်မဟုတ်ဘူး။သုံးပုံနှစ်ပုံလောက်ရှိတယ်။ဒါပေမဲ့၊ စစ် တပ်ထဲ မဝင်ချင်ဘဲနဲ့ ဝင်လိုက်ရတဲ့ ပစ အရေအတွက် အခု တစ်သိန်းနားနီးနေတဲ့အချိန်မှာ အလင်း ဝင်လာတဲ့ အရေအတွက်က အလွန်ဆုံးရှိ ၁၀၀၀ကျော်ပါပဲ။သိပ်နည်းနေတယ်။ဘာ့ကြောင့်နည်းနေ တာလဲဆိုတာ တော်လှန်ရေးဘက်က အဖြေရှာကြဖို့ လိုမယ်”ဟု နယ်စပ်ဒေသအခြေစိုက် CDM အရာ ရှိတစ်ဦးက MPAသို့ပြောသည်။

စစ်မှုထမ်းတပ်သားများ ထွက်ပြေးလွတ်မြောက်ရန် ခက်ခဲနေခြင်းမှာ စစ်တပ်၏ ဝါဒဖြန့် ခြိမ်းခြောက် မှုများကို ယုံကြည်ကြောက်လန့်ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များထံ မည်သို့ ဆက်သွယ်ရမည်ကို မသိရှိ ခြင်း၊ ဆက်သွယ်ရန် မလွယ်ကူခြင်းနှင့် သတင်းအချက်အလက် ရရှိသိရှိမှု နည်းပါးခြင်းက အဓိက အကြောင်းရင်းများဖြစ်ကြောင်းနှင့် စစ်တပ်သည် စစ်မှုထမ်းများ ထွက်ပြေးလွတ်မြောက်မှု လျော့ကျ စေရန် ကောင်းစွာ ထိန်းချုပ်လုပ်ဆောင်လာနိုင်ကြောင်း MDSI က သုံးသပ်သည်။

စစ်မှုထမ်းတပ်သားများသည် ရှေ့တန်းစစ်မြေပြင်မှ တော်လှန်ရေးတပ်ဖွဲ့များထံသို့ ဆက်သွယ်၍ အစု အဖွဲ့လိုက် အလင်းဝင်မှုများ ရှိနေကြောင်းလည်း MDSI က ဆိုသည်။

စာတည်း-ML