မကွေးတိုင်း ၊ နတ်မောက်မြို့နယ်ရှိ တက်ဝန်ရွာ ပျူစောထီးများကို PDF တို့ဝင်ရောက်တိုက်ခိုက်ရာ ၅ ဦးသေဆုံးပြီး လက်နက်များလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယနေ့ (စက်တင်ဘာ ၄ ရက်) နံနက် ၅ နာရီ ၁၀ မိနစ်ခန့်တွင် တက်ဝန်ရွာမှ ပျူစောထီးများရှိနေ သည့် နေအိမ်ကို PDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ မိနစ် ၄၀ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူခေါင်းဆောင် ဘိုထွန်းအပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၃ ငါးပြေမတပ်ရင်းက သတင်းထုတ်ပြန်သည်။
“သတင်းရလို့ သွားတိုက်တာဗျ။ဖိုက်တာဆန်ဆန်ပေါ့ဗျာ။သူတို့ရှိနေတဲ့အိမ်ကို ကျနော်တို့က ဝင်ရောက်ပစ်ခတ်ခဲ့တာဗျ။နေ့လယ်ပိုင်းလောက်မှာ သူတို့အလောင်းတွေကို နတ်မောက်ဘက်ကတော့ လာတိုက်သွားတယ်ဗျ”ဟု သရက်ခရိုင် အမှတ် ၃ ငါးပြေမတပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုအပြီး မွန်းလွဲ ၃ နာရီခွဲဝန်းကျင်အထိ တက်ဝန်ရွာ မြောက်ပိုင်းတွင် လက်နက်ငယ်များ ပစ်ဖောက်သံကြားနေရပြီး ရွာခံ ပြည်သူအချို့လည်း စစ်ရှောင်နေရကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုမှ ပွိုင့် 22 လက်လုပ် ပစ္စတို ၁ လက် ၊ M1 ကာဘိုင်သေနတ် ၅ လက် ၊ ပြောင်းချော သေနတ် ၂ လက် ၊ ကာဘိုင်ကျည် ၉၅ တောင့် ၊ ပြောင်းချောကျည် အတောင့် ၃၀ ၊ လက်ပစ်ဗုံး ၂ လုံး ၊ ငွေသား တစ်သိန်း ၊ ဖုန်း ၄ လုံးနှင့် စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအား သရက်ခရိုင် အမှတ် ၃ ငါးပြေမတပ်ရင်းမှ မြေပြန့်ကျားတပ်ခွဲ ၊ ရေနံချောင်း ပကဖ ၊ မင်းဘူးခရိုင် စစ်ဌာန ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ Chauk Revolution Army (CRA)နှင့် ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
ပျူစောထီးတို့ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
