ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် စစ်တပ်ဒရုန်းဗုံးထိမှန်ပြီး အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်။
ယနေ့ (စက်တင်ဘာ ၄ရက်) မွန်းလွဲ ၁၂နာရီခွဲခန့်တွင် လက်ပံတန်းမြို့နယ်၊ သရက်ချောင်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို PDF တို့လည်း မရှိဘဲ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်ထဲ၌ ရှိနေသည့် အမျိုးသား ဗုံးထိမှန်သေဆုံးခဲ့ကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံကသိရသည်။
” လက်ပံတန်းမြို့တွင်းမှာ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးရှိတယ်။ လက်ပံတန်းမြို့အဝင်အထွက်မှာ ပြည်သူ့စစ်တွေ ဖွင့်ထားတဲ့ ဂိတ်ရှိတယ်။ ဒရုန်းတို့ဘာတို့တွေကလည်း ပြည်သူ့စစ်ခေါင်းဆောင်အိမ်မှာပဲ ထားတယ်ပေါ့၊ မြို့တွင်းမှာ။ သရက်ချောင်းရွာနဲ့ လက်ပံတန်းမြို့ရဲ့ ကြားထဲမှာက ဆင်တလင်းဆိုရဲ့ရွာရှိတယ်။ အဲ့ရွာနားထိအောင် သူတို့ဆိုင်ကယ်တို့၊ ကားတို့နဲ့ လာလို့ရတယ်။ အဲ့လမ်းကြောင်းက တော်လှန်ရေးအင်အားစုနဲ့ အလှမ်းဝေးတဲ့ ဒေသဆိုတော့။ အဲ့ဒီအထိကိုလာပြီးတော့ သူတို့ ဒရုန်းလွှတ်ပြီး ပစ်ခဲ့တာပေါ့နော်” ဟု ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက MPA သို့ပြောသည်။
ယင်းသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
” ပထမတစ်လုံးကတော့ ရွာအစပ်မှာကျပြီးတော့ နောက်တစ်လုံးကတော့ သေဆုံးသူ ကိုဇေယျာလင်းရဲ့ အိမ်ပေါ်တည့်တည့်ကျပြီးတော့ အိမ်လုံးဝပျက်စီးသွားတယ်။ သူလည်း ပွဲချင်းပြီးသေသွားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယခုနှစ် ဇူလိုင်တွင် သရက်ချောင်းကျေးရွာ၌ တော်လှန်ရေးတပ်များနှင့် စစ်တပ်တို့ စစ်ရေးတင်းမာမှုများရှိခဲ့သဖြင့် ရွာသားအားလုံး ထွက်ပြေးတိမ်းရှောင်ခဲ့ကြကာ ဩဂုတ်လ၌ ရွာ သား ရာခိုင်နှုန်း၅၀ခန့် တဖြည်းဖြည်း ပြန်လာကြသည်။
သို့သော် ယခု စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း ပြန်လည်နေထိုင်နေသည့် ပြည်သူများ ပြန်လည်ထွက်ပြေးတိမ်းရှောင်သွားကြကြောင်းသိရသည်။
သရက်ချောင်းရွာသည် လက်ပံတန်းမြို့နှင့် ၅မိုင်ခန့်ဝေးပြီး ဆင်တလင်းရွာနှင့် ၂မိုင်ခန့်သာဝေးသည်။
