တောင်ဒဂုံ စစ်မှုထမ်းစာရင်းဝင် လူငယ် ၁၀ ဦးကို အိမ်ထဲထိ ဝင်ဖမ်း

ဓာတ်ပုံ - လူမှုကွန်ရက်
ပုံစာ - ပုံအဟောင်း အသုံးပြုထားခြင်း ဖြစ်ပါသည်

ရန်ကုန်မြို့၊ တောင်ဒဂုံမြို့သစ်၊ ၅၄ တိုးချဲ့ရပ်ကွက်အတွင်းရှိ စစ်မှုထမ်းစာရင်းဝင် လူငယ် ၁၀ ဦးကို စစ်အုပ်စုက အိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

၎င်းတို့ကို စစ်မှုထမ်းစာရင်းအတိုင်း အိမ်ထဲအထိ ဝင်ဖမ်းခြင်းအား နိုဝင်ဘာ ၂၉ ရက်ညတွင် စစ်အုပ်စုဝင်တို့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း Rangoon Scout Network ထံက သိရသည်။

“ရပ်ကွက်ရုံးမှာ တစ်ညထားပြီး မနက်မှာ မြို့နယ်ရုံးပို့လိုက်တယ်လို့ သိရပါတယ်။ ပါသွားတာ ၁၀ ယောက် ဝန်းကျင်လို့ သိရတယ်ဗျ။ အသေးစိတ်ကိုတော့ စုံစမ်းဆဲပါဗျ”ဟု Rangoon Scout Networkမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

နိုဝင်ဘာ ၂၄ ရက်မှ ၃၀ ရက်အတွင်း ရန်ကုန်မြို့၌ မတရားဖမ်းဆီးခံရသူ ၂၂ ဦး၏ ဖြစ်စဉ်ကို သိရှိရ ပြီး ယင်းတို့အနက် လမ်းဘေးထိုင်နေစဉ်နှင့် လမ်းပေါ်သွားလာနေစဉ် ဖမ်းဆီးခံရသူ ၇ ဦးရှိကြောင်း Rangoon Scout Network က ယနေ့ (ဒီဇင်ဘာ ၁ ရက်) ထုတ်ပြန်သည်။

“စစ်မှုထမ်းစာရင်းအတိုင်း အိမ်ထဲထိ ဝင်ဖမ်းတာမျိုးကျတော့ ရန်ကုန်မှာ၊အထူးသဖြင့် တောင်ဒဂုံတို့လို မြို့စွန်က ဆင်းရဲနွမ်းပါးပြီး ငွေမပေးနိုင်သူတွေကို အဓိက လုပ်တာ”ဟု ရန်ကုန်မြို့ရဲသတင်းရင်း မြစ်က ဆိုသည်။

နိုဝင်ဘာ ၂၄ ရက်မှ ၃၀ ရက်အတွင်း ရန်ကုန်မြို့၌ ထောင်ရှေ့ဆန္ဒပြသဖြင့် ဖမ်းဆီးခံရသူ တစ်ဦး၊ မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီး၍ဟုဆိုကာ ဖမ်းဆီးခံရသူ ၂ ဦးနှင့် အုပ်ချုပ်ရေးမှူးရုံးထဲ ချုပ်နှောင်ခံထားရကြောင်း သိရသူ ၂ ဦးတို့ရှိကြောင်း Rangoon Scout Network က ထုတ်ပြန်ထားသည်။