မြန်မာနိုင်ငံအတွင်း ကျားဖြန့် (Online Scamming) လုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ကြသည့် တရုတ်နိုင်ငံသား နိုင်ငံခြားသား ၃၀၀ ဦးအနက် ပထမအသုတ်ကို ပြန်လည်ခေါ်ယူရန် တရုတ်နိုင်ငံမှ အထူးလေယာဉ်သည် ယနေ့ ဒီဇင်ဘာ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာကြောင်း Mae Sot Media ဖေ့စ်ဘွတ်ခ် သတင်းတွင် ဖော်ပြထားသည်။
မဲဆောက် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရာဇမနူ အထူးတပ်ဖွဲ့ (Rachmunu Special Task Force)၊ မဲဆောက်ရဲစခန်း၊ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးဂိတ် (မဲဆောက်ဂိတ်) ရဲတပ်ဖွဲ့နှင့် မဲဆောက်ခရိုင် အုပ်ချုပ်ရေးအရာရှိများက ၎င်းတို့ကို မဲဆောက် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံမှ လေယာဉ် ၂ စီးဖြင့် တစ်ကြိမ်လျှင် လူ ၅၀ ဦးနှုန်း၊ စုစုပေါင်း ၆ ကြိမ် ခွဲကာ တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်သွားမည် ဖြစ်သည်။
အဆိုပါ တရုတ်နိုင်ငံသားများသည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်ရှိ တရုတ်အထူးစီးပွားရေးဇုန်အတွင်းရှိ KK Park မှ ထွက်ပြေးတိမ်းရှောင်လာသူများ ဖြစ်ကြောင်းသိရသည်။
တရုတ်နိုင်ငံသားများအပြင် ၎င်းတို့၏ ဇာတိနိုင်ငံများမှ သံရုံးဝန်ထမ်းများ လာရောက်ခေါ်ဆောင်မည့် အခြားနိုင်ငံခြားသား အများအပြားလည်း ရှိနေကြောင်း သတင်းထောက်များက ပြောကြားသည်။
အဆိုပါ တရုတ်နိုင်ငံသားများသည် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) အနီးတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။
