ပြန်ပေးဆွဲ ငွေညစ်မှု ကျူးလွန်သူကို မဖမ်းဆီးဘဲ နစ်နာသူနှစ်ဦးကို TNLA က ဖမ်းဆီးထား

ဓာတ်ပုံ-ပေးပို့
ပုံစာ-ရိုက်နှက်ခံရပြီးနောက် ဖမ်းဆီးခံခဲ့ရသည့် ကိုမျိုးမင်းထွန်း

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့တွင် ပြန်ပေးဆွဲ ငွေညှစ်မှု ပြုလုပ်ခဲ့သူများကို မဖမ်းဆီးဘဲ ကျူးလွန်ခံရသူနှစ်ဦးကို ဖမ်းဆီးထားကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ရက်က ကိုမျိုးဝင်း (ခေါ်) ကိုကျောက်ခဲနှင့် နိုင်ကျဉ်းဟောင်းတစ်ဦးဖြစ်သူ ကိုမျိုးမင်းထွန်း (ခေါ် ) ဘီလားတို့သည် ကွတ်ခိုင်မြို့နေ ကိုနိုင် (ခေါ်) မိုင်းအနိုင် ဆိုသူအဖွဲ့​၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး ကိုနိုင်၏ နေအိမ်အတွင်း ရိုက်
နှက်ခံခဲ့ရကာ ငွေ ကျပ် ၇၄ သိန်း ကနဦး ပေးခဲ့ရသည်။

ဆက်လက်ပြီး နိုဝင်ဘာ ၁၈ရက်တွင် ကိုနိုင်အဖွဲ့က ကျပ်သိန်းငါးရာ ထပ်မံတောင်းခံခဲသော်လည်း ကိုမျိုးဝင်းနှင့် ကိုမျိုးမင်းထွန်းက ၎င်းတို့ထံတွင်ပါလာသည့် ဖုန်းဖြင့် K-payမှတဆင့် ကျပ် ၂၂သိန်းကျော်သာပေးခဲ့သည့်အတွက် ကိုနိုင်၏ နေအိမ်အတွင်း ထပ်မံ နှိပ်စက်ခံခဲ့ရသည်။

ထို့နောက် နိုဝင်ဘာ ၁၈ရက် ၊ ည ရှစ်နာရီခွဲခန့်တွင် ကိုမျိုးဝင်းနှင့် ကိုမျိုးမင်းထွန်းတို့ကို TNLA လက်အောက်ခံ ကွတ်ခိုင်မြို့မရဲစခန်းမှ ရုံးအုပ်နှင့် တပ်သား နှစ်ဦးက ကိုနိုင်နေအိမ်မှ တဆင့် ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

“အချုပ်ထဲမှာ ၁၂ရက်ရှိပြီ၊ ၁၈ရက် ည ရှစ်ခွဲမှာ အချုပ်ခန်းထဲရောက်တယ်။ အခုကျတော် ဖုန်းခဏသုံးလို့ရတယ်။ ကျတော့် အသံနဲ့ ကျတော် စာရေးမူအတိုင်းမဟုတ်ဘူးဆိုရင် ဒီဟာကို Cancel လုပ်ပေးပါ၊ ဖုန်းကတော့ ကျတော်တို့ ခေတ္တခဏ သုံးရတယ်။ ပြီးရင် သူတို့ ပြန်သိမ်းထားတယ်” ဟု ကိုမျိုးမင်းထွန်းက ဖုန်းခဏ အသုံးပြုရချိန်၌ ၎င်း မိတ်ဆွေများကို အသိပေးပြောဆိုခဲ့သည်။

ထို့ပြင် နိုဝင်ဘာ ၂၃ရက်၊ ည ခုနှစ်နာရီခွဲခန့်တွင် ညှိနှိုင်းမည်ဟုဆိုကာ ကိုမျိုးဝင်းနှင့် ကိုမျိုးမင်းထွန်းကို ကွတ်ခိုင်မြို့နယ် ရဲတပ်ဖွဲံမှူး နေအိမ်သို့ ခေါ်ဆောင်ပြီး ကျပ် သိန်း ၂၀၀ပေးရန် တောင်းခံခဲ့ကြောင်း ကိုမျိုးမင်းထွန်းက ၎င်း၏ မိတ်ဆွေများကို အသိပေးခဲ့သည်။

ကိုမျိုးမင်းထွန်း​၏ ရေးသားချက်အရ ၎င်းတို့ နှစ်ဦးအား ပြန်ပေးဆွဲ ဖမ်းဆီး ငွေညစ်သည့် ကိုနိုင်သည် ကွတ်ခိုင်မြို့တွင် လက်နက် အရောင်းအဝယ် ပြုလုပ်နေသူ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကိုနိုင်ကို ဖမ်းဆီးပေးရန် နိုဝင်ဘာ ၂၈ ရက်နေ့တွင် အမှုဖွင့်ထားသော်လည်း တအာင်းရဲတပ်ဖွဲ့က အမှုဖွင့် မပေးဘဲ ကိုမျိုးဝင်းနှင့် ကိုမျိုးမင်းထွန်း ကွတ်ခိုင်မြို့ရဲစခန်း၌ အချုပ်ချထားကြောင်း သိရသည်။

” ၂၈ ရက်နေ့မှာ ကျတော်တို့ကို အမှုဖွင့်ခိုင်းတယ်။ အမှုဖွင့်ခိုင်းတဲ့ အပေါ်မှာ ကျတော်တို့ အမှုဖွင့်တယ်။ အဲ့ဒါကိုလည်း သူတို့က ဝေ့လည်ကြောင်ပတ်လုပ်ပြီး အမှုဖွင့် မပေးဘူး။ အခုချိန်ထိ ကြန့်ကြာနေတာ၊ အဲ့ဒီလိုပုံစံနဲ့လုပ်ပြီး ညှိပြီးတော့ ထားထားတယ်။ ငါတို့တရားလိုကို တရားခံတွေနဲ့ အတူတူ အချုပ်ခန်းထဲမှာ ထည့်ထားတယ်။ အဲ့တာ လုံးဝမတရားဘူး။ ” ဟု ကိုမျိုးမင်းထွန်းက နိုဝင်ဘာ ၂၉ ရက်တွင် ဖုန်းအသုံးပြုခွင့်ရချိန်၌ MPA သို့ပြောသည်။

ကိုမျိုးမင်းထွန်းသည် ၁၀၂၇ ရှမ်းမြောက်စစ်ဆင်ရေးအတွင်း လားရှိုးထောက်ပေါက်စဉ်က ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးလည်းဖြစ်သည်။

” သူ ဖုန်းခဏ သုံးရတဲ့အချိန် ၂၉ ရက်နေ့ နေ့လယ်က ညီမတို့ဆီ စာပို့ အသိပေးသွားတာ။ သူဖမ်းခံထားရတာရယ်၊ သူ့ကို မီဒီယာတင်ပေးဖို့ရယ်ပဲ။ သူကိုယ်တိုင်လဲတင်ထားခဲ့တယ်။ အဲ့နေ့ကတည်းက သူလိုင်းဆင်းသွားတယ်။ အခုတော့ အဆက်သွယ် မရသေးဘူး။ ” ဟု ကိုမျိုးမင်းထွန်း​၏ မိတ်ဆွေတစ်ဦးက ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး တအာင်းတပ်အနေဖြင့် အမှုမှန် ပေါ်ပေါက်ရေးအတွက် အထူးစုံစမ်းရေးကော်မတီ ဖွဲ့စည်းပြီး အရေးယူပေးရန်ကျူးလွန်ခံရသူ နှစ်ဦးက တောင်းဆိုထားသည်။