ကျွန်းစုတွင် PDF နှင့် ပကဖ အမည်ဖြင့် ငွေလိမ်တောင်းနေသည့်အဖွဲ့မှ တစ်ဦးအား ဖမ်းမိ

ဓာတ်ပုံ - ကျွန်းစုမြို့နယ် ပကဖ
ပုံစာ - ငွေလိမ်တောင်းနေသည့် အဖွဲ့မှ ဖမ်းဆီးရမိသူ တစ်ဦး

တနင်္သာရီတိုင်း ၊ ကျွန်းစုမြို့နယ်တွင် PDF နှင့် ပကဖ အမည်ခံ ငွေတောင်းရမ်းနေသည့် အဖွဲ့မှ တစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့နယ်ရှိ ကျေးရွာ ၂၀ ခန့်မှ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများကို PDF နှင့် ပကဖ အမည်ခံ၍ ငွေလိမ်လည် တောင်းခံနေသည့် ၅ ဦးပါအဖွဲ့မှ အသက် ၅၀ အရွယ် ကျော်ဝင်း(ခ)ထောင်မှူး ဆိုသူအား နိုဝင်ဘာ ၂၉ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ၊ ၎င်းတို့ ၅ ဦးအဖွဲ့သည် PDF နှင့် ပကဖ အမည်ခံ၍ ငွေလိမ်လည်မှုများ ပြုလုပ်နေသည်မှာ ၂ နှစ်ကျော်ပြီ ဟု ၎င်းက ထွက်ဆိုကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ထံက သိရသည်။

“တောင်းခံတဲ့ ရွာက ၂၀ ကျော်လောက်ရှိတယ်။ ကြောက်လို့ ပေးကြတာက ၄ ရွာအထက်။ ရွာမှာ တောင်းတာဗျ။ ပြောရရင် အုပ်ကြီးကနေတစ်ဆင့် PDF၊ ပကဖ က ဆိုပြီး လိမ်ပြီးဖုန်းနဲ့တောင်း တာဗျ။ ပြောရရင် သူတို့လည်း ငွေရ၊ တော်လှန်ရေးအဖွဲ့တွေလည်း နာမည်ပျက်ပုံရိပ်ကျအောင်ပေါ့။ တခြားနေရာသုံးတာမျိုးတော့ မကြားရဘူး။ မျှသုံးမျှစားတာဗျ”ဟု ကျွန်းစုမြို့နယ် ပကဖမှ ရဲဘော် ငါးမန်းက MPA သို့ပြောသည်။

ဖမ်းဆီးထိန်းသိမ်းထားသော ကျော်ဝင်းသည် နိုဝင်ဘာ ၃၀ ရက်၊ နံနက် ၁ နာရီကျော်တွင် လက်ထိပ် ချွတ်၍ ထွက်ပြေးသွားခဲ့ရာ ဒီဇင်ဘာ တစ်ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်၌ ပြန်လည်တွေ့ရှိစဉ် ခုခံသ ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

၎င်းတို့ ၅ ဦးသည် အောက်တိုဘာလအတွင်း မိုင်းတွေးကျေးရွာမှ ပြည်သူတစ်ဦးကို ကျွန်းစု ပကဖ တာဝန်ခံက အလှူခံခိုင်းသည်ဟုဆိုကာ ကျပ်၂၇ သိန်း တောင်းယူခဲ့ကြောင်း ၊ လွန်ခဲ့သည့် ၂ နှစ်ခန့်ကလည်း သဲဖြူကျွန်းရွာတွင် ခြိမ်းခြောက်ငွေတောင်းခံခဲ့ရာ ရွာသားများက ကြောက်လန့်၍ Wave pay မှတစ်ဆင့် ကျပ်သိန်း ၄၀ ပေးခဲ့ရကြောင်း ၊ ပန်းဇင်ရွာ အုပ်ချုပ်ရေးမှူး ဝင်းလတ်ထံလည်း ၂၅ သိန်းနှင့် မိုင်းတွေးရွာကျောင်းထိုင်ဆရာတော်ထံလည်း ငွေ သိန်း ၃၀၀ ခြိမ်းခြောက် တောင်းခံခဲ့ကြောင်း သိရသည်။

“မိုင်းတွေးက ကျောင်းထိုင်ဆရာတော်လည်း မပေးလိုက်ဘူးကြားတယ်။ အုပ်ကြီးလည်း မပေးဘူးဗျ။ လုပ်ငန်းရှင်တွေဆီက ညှစ်တာ။ ၂၇ သိန်း အရင်လက ပေးလိုက်ရတယ်။ မိုင်းတွေးက ၂၇ သိန်းကို သူတို့က ငွေယူလာတာပါ။ ကျွန်းစု ပကဖ တာဝန်ခံက တောင်းခိုင်းတယ်ဆိုပြီး တခြားတစ်ယောက်ကို ယူခိုင်းတာ။ ကျွန်းစုအဖွဲ့က ကျော်ဝင်းဆိုပြီးပေါ့။ ဒါကြောင့်ပေါ်သွားတာပေါ့ “ဟု ၎င်းက ဆက်လက်ပြောသည်။

၎င်းတို့အဖွဲ့ဝင် ကျန် ၄ ဦးစလုံးလည်း အမျိုးသားများဖြစ်ကြကာ ၎င်းတို့၏ နေရပ်လိပ်စာများကို သိရှိပြီး‌ဖြစ်ကြောင်း သိရသည်။

၎င်းတို့အဖွဲ့သည် ကျွန်းစုမြို့နယ် ပကဖ တာဝန်ခံ ဖိုးတက်တိုး၏ အမည်ကို အလွဲသုံးစား နာမည်ပြောင်ပြု၍ ဖိုးဆေးတံအမည်ဖြင့်လည်း လိမ်လည်ခြိမ်းခြောက်ငွေတောင်းခံခဲ့သေးကြောင်း သိရသည်။

၎င်းတို့အဖွဲ့ငွေတောင်းခံခဲ့သည့် ကျေးရွာ ၂၀ ကျော်တွင် ပျူရွာများဖြစ်သည့် မိုင်းတွေးနှင့် ပန်းဇင်ရွာများလည်း ပါကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သည့် ကျော်ဝင်းဆိုသူသည် ပန်းဇင်ရွာသားဖြစ်ပြီး ၎င်း၏ အစ်ကို တင်စိုးသည် ကြံ့ဖွံ့ပါတီမှ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ကာ ပန်းဇင်ရွာတွင် နေထိုင်‌လျက်ရှိကြောင်း သိရသည်။