မလှိုင်တွင် ဝန်ထမ်းမိသားစုများ ကြိုတင်မဲပေးပြီးသော်လည်း အတုအယောင်ရွေးကောက်ပွဲနေ့တွင်ပါ မဲထပ်ပေးခိုင်းနေ

ဓာတ်ပုံ-Guardians of Mahlaing
ပုံစာ-မလှိုင်မြို့တွင်း တစ်နေရာအား တွေ့ရစဥ်

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် ဝန်ထမ်းမိသားစုများ ကြိုတင်မဲပေးပြီးသော်လည်း အတုအယောင်ရွေးကော်ပွဲ ကျင်းပမည့်နေ့တွင်ပါ မဲထပ်ပေးခိုင်းနေကြောင်း ဝန်ထမ်းများထံမှ စုံစမ်းသိရှိရသည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ လလယ်မှစ၍ နိုဝင်ဘာ ၃၀ ရက်အထိ မလှိုင်မြို့နယ်အတွင်းရှိ ဝန်ထမ်းများနှင့် ၄င်းတို့၏ မိသားစုဝင်များ၏ စာရင်းများကို မလှိုင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဌာနသို့ စာရင်းပေးခဲ့ရသည်။

ထို့နောက် နိုဝင်ဘာ ၃၀ ရက်တွင် မလှိုင်မြို့နယ်အတွင်းရှိ ဝန်ထမ်းများအနေဖြင့် အထွေထွေအုပ်ချုပ်ရေးဌာန၌ မဲမပေးမနေရစနစ်ဖြင့် ပထမအကြိမ် မဲပေးခဲ့ရပြီး၊ လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင်လည်း ထပ်မံ၍ မဲပေးရန် စစ်ကော်မရှင် အုပ်ချုပ်ရေးအဖွဲ့က ဖိအားပေးခဲ့ခြင်းဖြစ်သည်။

“မလှိုင်က ရွေးကောက်ပွဲကော်မရှင်ရုံးမှာ မဲပေးရမယ့်လူစာရင်းတွေ ကပ်ထားတယ်။ ဝန်ထမ်းတွေက နိုဝင်ဘာလထဲမှာ တရားမဝင် မဲတစ်ခါပေးထားရတယ်၊ ဒီဇင်ဘာ ၂၈ ရက်မှာတော့ တရားဝင်မဲပေါ့။ မြင်သာအောင်ပြောရရင် လူတစ်ယောက်ကို နှစ်မဲ ထည့်ခိုင်းတာ။ အရပ်သားတွေတော့ မပါဘူး။ ဝန်ထမ်းရဲ့ အိမ်ရှိ မိသားစုတွေစာရင်းလည်း ထွေအုပ်ရုံးကို ပို့ပေးထားရတယ်။ အဲ့ဒီ့မဲတွေကို မိတ္ထီလာခရိုင်ရုံးက အတည်ပြုမှာ” ဟု မလှိုင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဌာနနှင့် နီးစပ်သည့် ဝန်ထမ်းတစ်ဦးက MPA သို့ ပြောသည်။

ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် အတုအယောင်ကောက်ပွဲ အပိုင်း ၁ ၌ မန္တလေးတိုင်းအတွင်းရှိ မြို့နယ် ရှစ်မြို့နယ်အနက် မိတ္ထီလာမြို့နယ်တစ်ခုသာ ပါဝင်သော်လည်း၊ မလှိုင်မြို့နယ်မှ ဝန်ထမ်းနှင့် တက္ကသိုလ်ကျောင်းသားများထံမှ မဲများကိုလည်း မိတ္ထီလာမဲစာရင်း၌ ထည့်သွင်းနေခြင်း ဖြစ်သည်။

မိတ္ထီလာခရိုင်အတွင်းရှိ မြို့နယ်များတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီများကသာ ကြိုတင်၍ အနိုင်ရရှိထားကာ အဆိုပါမဲပေးရမည့်ကိစ္စရပ်နှင့် ပက်သက်၍လည်း စိတ်မဝင်စားကြောင်း ဒေသခံများက ဆိုသည်။

“ကျမတို့မြို့နယ်မှာဆိုရင် ကြံ့ခိုင်ရေးပါတီက အမတ်ဘဲ ရှိတယ်။ ပြိုင်ဘက်ပါတီမရှိဘူး။ ဘယ်လွှတ်တော်က ပြိုင်မှာမှန်းလည်း စိတ်မဝင်စားဘူး။ ကြံ့ခိုင်ရေးပါတီက တစ်နိုင်ငံလုံးမှာ သူတို့ပဲနိုင်မှာဆိုတာ အကုန်သိကြပါတယ်” ဟု အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

ထို့ပြင် မလှိုင်မြို့နယ်အတွင်းရှိ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများ အနေဖြင့်လည်း ကြိုတင်မဲပေးနေရပြီး မဲမထည့်ရသေးသည့် ကျောင်းသားများကို ကျောင်းတက်ခွင့် ပိတ်ပင်ထားကြောင်း မိတ္ထီလာတက္ကသိုလ်၌ တက်ရောက်နေသည့် တတိယနှစ်ကျောင်းသားတစ်ဦးက ဆိုသည်။

“ကျောင်းသားတွေလည်း ကြိုတင် မဲထည့်ရမယ်၊ မဲထည့်ပြီးရင်လည်း အုပ်ချုပ်ရေးမှူးလက်မှတ်ပါဦးမှ ကျောင်းပြန်တက်လို့ရမှာတဲ့၊ မဲမထည့်ရင်လည်း ကျောင်းတက်ခွင့်မရဘူး၊ ပိတ်ထားတာ။ မဲ မထည့်ချင်လည်း ထည့်နေရတယ်။ အာဏာစသိမ်းတော့ နိုင်ငံရေးစိတ်မဝင်စားဘူးဆိုတဲ့ ကျောင်းသားတွေလည်း မဲပေးနေရတယ်” ဟု ၄င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်တွင်လည်း မလှိုင်မြို့နယ်တစ်ခုလုံးကို အုပ်ချုပ်ခွင့်ရရှိထားသည့် ဗိုလ်မှူးဝေဖြိုး ဦးဆောင်သည့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက မလှိုင်မြို့ပေါ်ရှိ ကုန်မာဆိုင်၊ ဘီယာဆိုင်ပိုင်ရှင်များကို အထွေထွေအုပ်ချုပ်ရေးရုံးသို့ ခေါ်ယူ၍ ရွေးကောက်ပွဲရန်ပုံငွေအတွက်ဟုဆိုကာ ငွေကြေးကောက်ယူခဲ့သေးသည်။

စစ်ကော်မရှင်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် အပိုင်း ၁၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် အပိုင်း ၂၊ နှစ်ပတ်ခြားအကြာ(ဇန်နဝါရီ ၂၅ ရက်) တွင် ရွေးကောက်ပွဲ အပိုင်း ၃ကို ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ကော်မရှင်၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားသည်။