မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို စစ်တပ်က ပြန်လည်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ရက်က နိုင်ငံရေးအကျဉ်းသားများကို စစ်ကော်မရှင်က လွတ်ငြိမ်း ပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသား ကိုသက်သည် မြင်းခြံအကျဉ်းထောင်ဗူးဝ၌ပင် ပြန်လည်ဖမ်းဆီးခံခဲ့ရသည်။
” မြင်းခြံထောင်မှာပဲ ပြန်အဖမ်းခံလိုက်ရတယ်၊ ဖမ်းပြီးတော့ ၅၂ (က) ပုဒ်မ လက်ရှိမှာ ထပ်အကပ်ခံ ထားရပါတယ် ” ဟု နိုင်ငံရေးအကျဉ်းသား ကိုသက်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
နိုင်ငံရေးအကျဉ်းသား ကိုသက်သည် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများကြောင့် စစ်ကော်မရှင်က ထောင်ဒဏ် ၅နှစ်ချမှတ်ကာ မြင်းခြံအကျဉ်းထောင်တွင် အကျဉ်းချခဲ့သူ တစ်ဦးလည်း ဖြစ်သည်။
အလားတူ ယမန်နေ့(ဒီဇင်ဘာလ ၃ရက်)၊ ညနေပိုင်းက မြင်းခြံအကျဉ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ငံ ရေးအကျဉ်းသူ မပိုးပီတိခိုင်သည် မန္တလေးမြို့၊ အောင်ပင်လယ်ရဲစခန်းတွင် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
” ထောင်ဗူးဝမှာကတည်းက ဖမ်းဖို့ လုပ်တယ်၊ ပြီးတော့ မိသားစုကို ခံဝန်ထိုးခိုင်းပြီး လွှတ် ပေးလိုက်တယ်။ မန္တလေးရောက်တော့ ပိုးပီတိကို အောင်ပင်လယ်ရဲစခန်းမှာ လာခံဝန်ထိုးပါဆိုပြီး ခေါ်တယ်။ အဲဒီမှာ တစ်ခါတည်း ဖမ်းထားလိုက်တာပါ ” ဟု နိုင်ငံရေးအကျဉ်းသူ မပိုးပီတိခိုင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ပြန်လည်ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသား ကိုသက်နှင့် နိုင်ငံရေးအကျဉ်းသူ မပိုးပီတိခိုင်တို့သည် ၅၀၅-က၊ ၁၇ (၁) ပုဒ်မများဖြင့် လွတ်မြောက်လာပြီးနောက် လက်ရှိတွင် အကြမ်းဖက်ပုဒ်မ ၅၂ (က)ဖြင့် ပြန်လည်ဖမ်းဆီးခံထားရခြင်း ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးပြီးနောက် ပြင်ပတွင် ပြန်လည်ဖမ်းဆီးနေခြင်းများသည် ရည်ရွယ်ချက်ရှိရှိဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖိနှိပ်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများက ဆိုသည်။
” အစကတည်းက မလွှတ်ပေးမှာကို လွှတ်ပေးသယောင်ပြုပြီး ပြန်ဖမ်းတာက တော်တော် မိုက်ရိုင်းလွန်းပါတယ်။ အဖမ်းခံထားရတဲ့အချိန်မှာတော့ အားလုံးက အိမ်ပြန်ချင်ကြတာပဲ၊ အပြင်ရောက်ပြီး တော့ မတရားအမှုတပ်ပြီး ပြန်ဖမ်းတာက မျှော်လင့်ချက်တွေ ရိုက်ချိုးပြီး စိတ်ဓာတ်ကျအောင်ကို တမင်လုပ်နေတာ ” ဟု အိုးဘိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးကပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ရက်က စစ်ကော်မရှင်၏ ၅၀၅-က ပုဒ်မများကို လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံ ရေးအကျဉ်းသား ၆၃၉ဦး လွတ်မြောက်ခဲ့ပြီး ယနေ့ (ဒီဇင်ဘာလ ၄ရက်)အထိ နိုင်ငံရေးအကျဉ်းသား ၉၁၁ဦး လွတ်မြောက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်၏ စာရင်းများအရ သိရသည်။
စစ်ကော်မရှင်သည် အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသူအနည်းငယ်ကို လွတ်ငြိမ်းသက်သာခွင့်နှင့် ပြန်လည် လွှတ်ပေးခဲ့သော်လည်း အချို့သော နိုင်ငံရေးအကျဉ်းသူများကို ပုဒ်မ ၅၂ (က)၊ ၁၇(၁)၊ ၅၀(ည) တို့ဖြင့် ပြန်လည်ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိနေသည်မှာ နိုင်ငံရေးအကျဉ်းသူများအား အတုအယောင်ပြန်လည်လွှတ်ပေးသည့် အခြေအနေတွင် ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့(WOPP)က ထုတ်ပြန်ထားသည်။
ထို့ကြောင့် အတုအယောင်ပြန်လည်လွှတ်ပေးမှုများနောက်ကွယ်တွင် ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများအနေနှင့် ပတ်ဝန်းကျင်အခြေအနေနှင့် မိမိတို့၏ လုံခြုံရေး၊ ပြန်လည်ဖမ်းဆီးခံရမည့် အခြေအနေများကို ဂရုတစိုက်လေ့လာနေထိုင်ကြရန် နိုင်ငံရေးအကျဉ်းသူများအဖွဲ့က တိုက်တွန်းထားသည်။
