စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်တပ်က ညအချိန်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးနှင့် လင်မယား ၂ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ယနေ့ (ဒီဇင်ဘာ ၅ရက်) နံနက် ၁နာရီ၊ မိနစ် ၂၀ခန့်တွင် တံတားဦးတက် ဂျက်ဖိုက်တာတစ်စီးဖြင့် သစ်ချိုပင်ရွာကို ဗုံးသီး ၂လုံးကြဲချတိုက်ခိုက်ခဲ့ရာ မလဲ့လဲ့ထွန်း (၇နှစ်)၊ ဦးမြင့်သူဝင်း(၃၈နှစ်)နှင့် ဇနီးဖြစ်သူဒေါ်သူသူဝင်း (၃၈နှစ်)တို့ သေဆုံးခဲ့ကြောင်း ရွှေဘိုမြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံက သိရသည်။
” သက်သက်မဲ့ကြဲတာနော်။ အဲ့ရွာက တိုက်ပွဲမရှိဘူး။ အဲ့နယ်မြေကအေးတယ်။ အဖွဲ့အစည်းလည်း ရှိတာမဟုတ်ဘူး။ ပေါင် ၂၅၀ ဒါမှမဟုတ် ၃၀၀ ၊ နှစ်လုံးပဲ။ တစ်လုံးက အိမ်ပေါ်တည့်တည့် ကျသွားတယ်။ တည့်တည့် ကျတဲ့ အိမ်က ပျောက်ကိုသွားတာ။ ရွာလယ် တည့်တည့်ကြဲ ခံရတော့ ထိခိုက်မှု ပိုများသွားတာပါ။ အိမ်ခြေလည်း ကပ်တယ်လေ။ ပျောက်သွားတဲ့ အိမ်က ကလေး သေဆုံးတာ။ ဘေးအိမ်က လင်မယားနှစ်ယောက်” ဟု ရွှေဘိုမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုတွင် သေဆုံးခဲ့သည့် မလဲ့လဲ့ထွန်း၏ အဘိုးနှင့်အဘွားဖြစ်သူတို့ ဒဏ်ရာပြင်းထန်ပြီး မစိုးရိမ်ရသည့်ဒဏ်ရာရသူ ၆ဦးရှိကြောင်းသိရသည်။
” သူ့မိသားစုဝင်တွေ စိုးရိမ် ဒဏ်ရာတွေ လေ။ မန္တလေးကို လွှဲထားရတယ်။ စိုးရိမ် ရတဲ့ သူပဲ ပို့ထားရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၁၀လုံး၊ဆိုက်ကယ် ၂စီးနှင့် ထွေလာဂျီ တစ်စီးပျက်စီးပြီး နွား ၉ကောင် သေဆုံးခဲ့ကြောင်းသိရသည်။
စာတည်း-ML
