ဂုဏ်သိက္ခာကြီးမြတ်ခဲ့သော အသံတိတ်သပိတ် ဒီဇင်ဘာ၁၀ရက်တွင် ထပ်မံဆင်နွှဲကြမည်

နွေဦးတော်လှန်ရေးတွင် ဂုဏ်သိက္ခာကြီးမြတ်ခဲ့သော အသံတိတ်သပိတ်ကို ဒီဇင်ဘာ၁၀ရက်၌ နိုင်ငံတစ်ဝန်းပြုလုပ်ကာ တိုက်ပွဲဝင်ကြမည်ဟု အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB က ယနေ့(ဒီဇင်ဘာ၅ရက်) ကြေညာလိုက်သည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သော ဒီဇင်ဘာ၁၀ရက်တွင် ရုံးတက်ရုံးဆင်းနှင့် ဈေး သွားဈေးလာအချိန်နှင့် ဝေးကွာအောင် နံနက်၁၀နာရီမှ ညနေ ၃နာရီအထိ အသံတိတ်သပိတ် ဆင်နွှဲ ကြမည်ဟု GSCB က ထုတ်ပြန်ထားသည်။

“ဓားထောက်ပြီး ဘုရင်မြှောက်ခိုင်းချိန်မှာ မတရားခံရကြောင်းကိုတော့ ကျနော်တို့ ဟစ်အော် အသိပေးကြပါမယ်။ဒီလို အသိပေးဖို့ အတွက် တိတ်ဆိတ်ခြင်းဟာ အကျယ်လောင်ဆုံး ဟစ်ကြွေး သံပါ။ယခင့်ယခင် ပြုလုပ်ခဲ့သည်များနည်းတူ ဒီတစ်ခါမှာလည်း တိတ်ဆိတ်ခြင်းနဲ့ ကျနော်တို့ အသံကို ထုတ်ဖော်ပြသပါမယ်။“Our Voice, Our Fight, Our Rights” ဆိုတဲ့ ဒီတစ်ခါ အသံတိတ် သပိတ် ဆောင်ပုဒ်အတိုင်း ကျနော်တို့ အခွင့်အရေးတွေအတွက် ကျနော်တို့ အသံတွေကိုတိတ်ကာ ဟစ်ကြွေးလို့ တိုက်ပွဲဝင်ကြပါမယ်”ဟု GSCB က ဆိုသည်။

လူ့အခွင့်အရေးပျောက်ဆုံးနေသည့် နိုင်ငံတစ်နိုင်ငံက နိုင်ငံသားတို့၏ တိတ်ဆိတ်ခြင်းနှင့် ကြွေး ကြော်သံကို ကမ္ဘာတစ်ဝန်းက ကြားအောင်၊ စစ်ကော်မရှင် ရွေးကောက်ပွဲ အထမြောက်သွားခဲ့သည့် တိုင် ဓားထောက်ပြီး မင်းမြှောက်ခိုင်းခဲ့ခြင်းသာ ဖြစ်ကြောင်း သိရှိရလေအောင် ပြည်သူများ အုတ် တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ပေးကြရန် GSCB က တောင်းဆိုသည်။

“အသံတိတ်သပိတ်ဆိုတာ နွေဦးတော်လှန်ရေးမှာ အောင်မြေနင်းနိုင်ခဲ့တဲ့ လူထုတိုက်ပွဲပုံစံတစ်ရပ်ပါ ပဲ။တစ်နိုင်ငံလုံး ခြောက်ခြားဖွယ်တိတ်ဆိတ်ခြင်းတွေနဲ့ မြန်မာပြည်သူတို့ရဲ့ နွေဦးစိတ်ဓာတ်ကို က မ္ဘာကြီးကတော့ မှင်တက်သွားတဲ့အထိ ထုတ်ဖော်ပြသနိုင်ခဲ့တယ်။ခေတ်သစ်ကမ္ဘာမှာ အသံတိတ်သ ပိတ်ဆိုတာနဲ့ တစ်နိုင်ငံလုံး ခြောက်ခြားသွားတာမျိုး ရှိခဲ့မယ်မထင်ဘူး”ဟု မုံရွာအခြေစိုက် တက်ကြွ လှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။

အသံတိတ်သပိတ်တိုက်ပွဲကို ၂၀၂၁ခုနှစ်၊မတ်လ၂၄ရက်၊ ၂၀၂၁ခုနှစ်၊ဒီဇင်ဘာ၁၀ရက်နှင့် ၂၀၂၂ခုနှစ်၊ ဖေဖေါ်ဝါရီ၁ရက်တို့တွင် ဆင်နွှဲခဲ့ရာ အထူးအောင်မြင်ခဲ့သည်။

၂၀၂၁ခုနှစ်၊ဒီဇင်ဘာ၁၀ရက်နှင့် ၂၀၂၂ခုနှစ်၊ဖေဖေါ်ဝါရီ၁ရက်တို့တွင် ဆင်နွှဲသည့် အသံတိတ်သပိတ် ကို စစ်အုပ်စုဝင်တို့က နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်ဖျက်ဆီးခဲ့သော်လည်း တစ်နိုင်ငံလုံးအနှံ့ တိတ်ဆိတ်ခဲ့သည်။

စာတည်း-ML