ကိုရီးယားတွင် မဲပေးသူမရှိ၍ အရှက်ကွဲခဲ့သည့် စစ်ကော်မရှင်သံရုံး မဲပေးရက် သက်တမ်းထပ်တိုး

ဓာတ်ပုံ-ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှုကော်မတီ
ပုံစာ-ဒီဇင်ဘာ၇ရက်က ဆိုးလ်မြို့သံရုံးအနီး တော်လှန်ရေးအင်အားစုများ ဆန္ဒပြနေပုံ

ကြိုတင်မဲပေးမည့်သူ မရှိသဖြင့် တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ စစ်ကော်မရှင်သံရုံးက နောက်ထပ် ၅ ရက် သက်တမ်းထပ်တိုးလိုက်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများကို ဒီဇင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် တရားမဝင် ရွေးကောက်ပွဲအတွက် ကြိုတင်မဲလာပေးရန် စစ်ကော်မရှင်သံရုံးက ထုတ်ပြန်ခဲ့ရာ ၂ ရက်ပေါင်း မဲလာ ပေးသူ ၂၅ ဦးထက်ပင် မပိုသဖြင့် ယနေ့ (ဒီဇင်ဘာ ၈ ရက်-တနင်္လာနေ့) မှ ဒီဇင်ဘာ ၁၂ ရက် (သောကြာနေ့) အထိ ထပ်မံသက်တမ်းတိုးလိုက်ခြင်းဖြစ်ကြောင်း ရွေးကောက် ပွဲဆန့်ကျင်ရေးပူးပေါင်းလှုပ် ရှားမှုကော်မတီဝင် ဦးကျော်ဆန်းက ပြောသည်။

“ပြီးခဲ့တဲ့ တနင်္ဂနွေညကမှ သူတို့(စစ်ကော်မရှင်သံရုံး)ရုတ်တရက်ပေါ့နော်။တနင်္လာနေ့ကနေပြီးတော့ မှ သောကြာနေ့ထိအောင် သက်တမ်းထပ်တိုးပါတယ်ဆိုပြီး ကြေညာထားတာ ရှိတယ်။ဘာလို့လဲဆို တော့ အဓိကက မဲပေးမယ့်လူ မရှိလို့ပါ”ဟု ၎င်းက MPA သို့ ပြောသည်။

ကြားရက်များတွင် မဲလာပေးသူ ရှိဦးမလားဆိုသည့် မျှော်လင့်ချက်ဖြင့် သက်တမ်းတိုးခြင်းဟု ယူဆ ကြောင်း ဦးကျော်ဆန်းက ဆက်လက်ပြောသည်။

ဒီဇင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် ဆိုးလ်မြို့ စစ်ကော်မရှင်သံရုံးသို့ သွားရာလမ်းတစ်လျှောက်တွင် တော်လှန်ရေးအင်အားစုများက တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးကန့်ကွက်ဆန္ဒပြခဲ့ကြပြီး စစ်ကော်မရှင်သံရုံးက မဲပေးရက်ကို သက်တမ်းတိုးလိုက်သဖြင့် တော်လှန်ရေးအင်အားစုများကလည်း ဆက်လက်ဆန္ဒပြကြမည်ဖြစ်သည်။

“တနင်္လာနေ့ကနေ သောကြာနေ့အထိ ဆက်ပြီး အတုအယောင်ရွေးကောက်ပွဲကို ဆန္ဒပြပါမယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

တောင်ကိုရီးယားနိုင်ငံတွင် ဗီဇာမျိုးစုံဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသား ၆သောင်းကျော်ရှိ ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံတွင် ကြိုတင်မဲပေးနိုင်သောနေရာမှာ ဆိုးလ်မြို့စစ်ကော်မရှင်သံရုံးတစ်ခု တည်းတွင်သာ ရှိသည်။