စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ရှိ ရွှေလုပ်ကွက်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား တစ်ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၇ ရက်၊ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ဗန်းမောက်မြို့နယ်တောင်ပိုင်းရှိ သုံးမြေဆုံရွှေလုပ် ကွက်ကို စစ်တပ်က ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ဗုံးသီး ၆ လုံး ကြဲချခဲ့ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
” မျက်မြင်တွေ့ရှိသူအချို့က ဂျက်နှစ်စီး နဲ့ သုံးကြိမ်ချသွားတယ်၊ ဗုံး ၆ လုံးလို့ပြောပါတယ်။ သေဆုံး သူက ပြည်သူပါ။ ကိုငြိမ်း အသက် ၃၃နှစ်က ဝန်းသိုမြို့နယ် က ရွှေလာတူးတာ။ ဒဏ်ရာရသူလည်း ပြည်သူတွေပဲဗျာ။ ရွှေလုပ်သူ ကျင်းသားတွေပါ။ အမျိုးသားတွေချည်းပဲ ” ဟု ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက MPA ကို ပြောသည်။
စစ်တပ်က ဗုံးကြဲခဲ့သည့် ရွှေလုပ်ကွက်သည် တိုက်ပွဲများဖြစ်ပွားရာ ဗန်းမောက်မြို့ နှင့် မိုင် ၂၀ ကျော် ကွာဝေးပြီး အရပ်သားပြည်သူများ ရွှေတူးဖော်သည့် နေရာဖြစ်ကြောင်း သိရသည်။
” ဒဏ်ရာရသူတွေ ဆေးကုသမှုခံယူပြီး ကောင်းသွားပါပြီ။ တိုက်ပွဲဇုန် မဟုတ်ဘဲ အကြောင်းမဲ့ သက် သက် ပြည်သူအများနေထိုင်ရာကို လေကြောင်းတိုက်ခိုက်ခဲ့တာပါ ” ဟု ၎င်းကဆက်လက် ပြောသည်။
ယခုလမှစတင်ကာ စစ်တပ်သည် တိုက်ပွဲဖြစ်ပွားနေသည့် ဗန်းမောက်မြို့ကို တရက်လျှင် ၂ကြိမ် လာရောက်ဗုံးကြဲနေပြီး ယင်းမြို့ပေါ်ရှိ ပြည်သူ့နေအိမ် အလုံး ၂၀ထက်မနည်း ထိခိုက်ပျက်စီးခဲ့ကာ ပြည်သူများ ကြိုတင်ရှောင်တိမ်းနေကြသဖြင့် ပြည်သူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
၂၀၂၅ခု၊ စက်တင်ဘာ ၂၀ရက်တွင် ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ပြီး စစ်တပ်က ယင်းမြို့ ပြန်လည်ရရှိရန် ထိုးစစ်ဆင်လာခြင်းကြောင့် ယနေ့အထိ ၂လကျော်ကြာ တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက် ရှိသည်။
