ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် တိုက်ပွဲများ ပျံ့နှံ့လာပြီး နှစ်ဖက်သေဆုံးမှုများ မြင့်တက်လာ

ဓာတ်ပုံ - Reuters
ပုံစာ - နယ်စပ်တိုက်ပွဲများကြောင့် ထိုင်းနယ်စပ် ဆူရင်ခရိုင်တွင် တွေ့ရသော စစ်ဘေးရှောင်များ

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား ဖြစ်ပွားနေသည့် နယ်စပ်တိုက်ပွဲများသည် ယနေ့ ဒီဇင်ဘာ ၉ ရက်တွင် မြင့်တက်လာပြီး နှစ်နိုင်ငံစလုံးက အချုပ်အခြာအာဏာကို ကာကွယ်ရာတွင် နောက်ဆုတ်မည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က ၎င်းတို့အနေဖြင့် ယခင်အပစ်အခတ်ရပ်စဲရေးကို လေးစားပြီး လူထုကို ရွှေ့ပြောင်းနိုင်စေရန်အတွက် ထိုင်းတပ်ဖွဲ့များအား ဒီဇင်ဘာ ၈ ရက်ညက ထိုးစစ်ဆင် တန်ပြန်မတိုက်ခိုက်မီ ၂၄ နာရီ စောင့်ဆိုင်းခဲ့ကြောင်း ပြောကြားခဲ့သည်။

“ကမ္ဘောဒီးယားက ငြိမ်းချမ်းရေး လိုအပ်ပါတယ်၊ ဒါပေမဲ့ ကမ္ဘောဒီးယားဟာ နယ်မြေပိုင်နက်ကို ကာကွယ်ဖို့အတွက် ထိုးစစ်ဆင် တန်ပြန်တိုက်ခိုက်ဖို့ ဖြစ်လာပါတယ်” ဟု ဟွန်ဆန်က သူ၏ Facebook တွင် ရေးသားခဲ့သည်။

ထိုင်းနိုင်ငံတွင် စစ်ဘက်အရာရှိများက နယ်စပ်ခရိုင်ငါးခုတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်းနှင့် ကမ္ဘောဒီးယားစစ်သားများကို မောင်းထုတ်ရန် ထရတ် ကမ်းရိုးတန်းခရိုင်တွင် ရေတပ်ဦးဆောင်သော စစ်ဆင်ရေးသည် မကြာမီ ပြီးဆုံးရန် မျှော်မှန်းထားကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားသည် ထိုင်းတပ်ဖွဲ့များကို တိုက်ခိုက်ရန် လက်နက်ကြီးများ၊ ဒုံးကျည်များ၊ မောင်းသူမဲ့လေယာဉ်များကို အသုံးပြုနေကြောင်း ၎င်းတို့က ပြောသည်။

“ထိုင်းနိုင်ငံဟာ ၎င်းရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှု အချုပ်အခြာအာဏာကို ကာကွယ်ဖို့ ဆုံးဖြတ်ထားပြီး၊ ဒါကြောင့် လိုအပ်တဲ့ စစ်ရေးအစီအမံများကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး စူရာဆန့် ခုန်ဆီရီ က သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကို ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံအား “ရက်စက်ကြမ်းကြုတ်ပြီး တရားမဝင်သော လုပ်ရပ်များ” ဖြင့် စွပ်စွဲခဲ့ပြီး၊ ဒီဇင်ဘာ ၈ ရက်မှစ၍ အရပ်သား ၉ ဦး သေဆုံးပြီး ၂၀ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည် ဟု ပြောကြားခဲ့သည်။

ထိုင်းအရာရှိများကလည်း ၎င်းတို့ဘက်မှ စစ်သား သုံးဦး သေဆုံးပြီး ၂၉ ဦး ဒဏ်ရာရရှိခဲ့သည် ဟု ပြောဆိုခဲ့သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ထိုင်းနိုင်ငံသည် “မိမိ၏ အချုပ်အခြာအာဏာကို ပြန်လည်ရယူခြင်းဟူသော ဆင်ခြေဖြင့် အရပ်သားကျေးရွာများကို တိုက်ခိုက်ရန် စစ်အင်အားကို အသုံးမပြုသင့်” ဟု ဒီဇင်ဘာ ၈ ရက်နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား ထောင်ထားသည်ဟု ထိုင်းအစိုးရက ပြောဆိုသည့် မြေမြှုပ်မိုင်းကြောင့် ထိုင်းစစ်သားတစ်ဦး မကြာသေးမီက ကိုယ်အင်္ဂါပျက်စီးဒဏ်ရာရခဲ့ပြီးနောက် နှစ်နိုင်ငံအကြား သဘောတူထားသည့် အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ရန် ထိုင်းဘက်က ဆိုင်းငံ့ခဲ့သည်။

ဇူလိုင်လက ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ၄၈ ဦးထက်မနည်း သေဆုံးကာ ၃၀၀,၀၀၀ ခန့် နေရပ်စွန့်ခွာခဲ့ရသည်။

လက်ရှိဖြစ်ပွားနေသည့် နယ်စပ်တိုက်ပွဲများကြောင့် ထိုင်းနယ်စပ်တွင် လူပေါင်း ၁၂၀,၀၀၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးထားရကြောင်း ထိုင်းစစ်တပ်က ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံသည် စစ်အင်အား၊ ဘတ်ဂျက်နှင့် လက်နက်ခဲယမ်း အားလုံးတွင် ၎င်း၏အိမ်နီးချင်းနိုင်ငံထက် အင်အားကြီးမားသော စစ်ဘက်ဆိုင်ရာ စွမ်းရည်များ ပိုမိုသာလွန်ပြီး၊ ၎င်း၏ မြေပြင်တပ်ဖွဲ့များကို ထောက်ပံ့ရန်အတွက် တိုက်လေယာဉ်များက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။