ကြံ့ဖွံ့မဲဆွယ်ဆိုင်းဘုတ်များကို မည်သူမည်ဝါ ဖျက်ဆီးသွားသလဲ မသိသော်လည်း ရွေးကာဥပဒေဖြင့် စစ်ကော်မရှင်က အမှုဖွင့်တရားစွဲထားကြောင်း သိရသည်။
ဒီဇင်ဘာ၅ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်၊အင်းခေါင်းကျေးရွာတွင် စိုက်ထူထား သော ကြံ့ဖွံ့မဲဆွယ်ဆိုင်းဘုတ်ဖျက်ဆီးခံရမှု၊ ဒီဇင်ဘာ၃ရက်က ရန်ကုန်မြို့၊ပန်းဘဲတန်းမြို့နယ်အ တွင်း ကြံ့ဖွံ့မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရမှု၊ နိုဝင်ဘာ၃၀ရက်က ကရင်ပြည်နယ်၊လှိုင်းဘွဲ့မြို့နယ်၊ တခွက်ဖိုးရွာတွင် စိုက်ထူထားသော ကြံ့ဖွံ့မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရမှု၊ ဧရာဝတီတိုင်း၊လပွတ္တာ မြို့နယ်၊လွှဇာရွာတွင် စိုက်ထူထားသော ကြံ့ဖွံ့မဲဆွယ်ဆိုင်းဘုတ်ဖျက်ဆီးခံရမှုနှင့် မန္တလေးမြို့၊ချမ်း အေး သာစံ မြို့နယ်အတွင်း ကြံ့ဖွံ့မဲဆွယ်ဆိုင်းဘုတ်ဖျက်ဆီးခံရမှုနှင့် နိုဝင်ဘာ၂၅ရက်က ရှမ်းပြည် နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စိုက်ထူထားသော ကြံ့ဖွံ့မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရမှုတို့၌ မည်သူမည်ဝါက ဖျက်ဆီးသွားသလဲဆိုသည်ကိုမသိဘဲ စိစစ်ဆဲဟုဆိုကာ ရွေးကောက်ပွဲကို နှောက် ယှက် ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က)ဖြင့် သက်ဆိုင်ရာရဲစခန်းအသီး သီး၌ အမှုဖွင့်ထားကြောင်း စစ်ကော်မရှင်က ဒီဇင်ဘာ၁၀ရက်၌ ထုတ်ပြန်သည်။
“နံပါတ်တစ် ထူးခြားချက်က အခုဖျက်ဆီးခံရတဲ့ ဆိုင်းဘုတ်တွေက ကြံ့ဖွံ့မဲဆွယ်ဆိုင်းဘုတ်တွေချည်း ဖြစ်နေတာပေါ့။တမင်တကာပဲ ကြံ့ဖွံ့ဆိုင်းဘုတ်ကို ရွေးဖျက်တာလားဆိုတာ စဉ်းစားစရာပေါ့။ဆိုင်း ဘုတ်ဖျက်တာတွေက ပြည်သူတွေ သွားရင်းလာရင်းနဲ့ မြင်ပြီး စိတ်မထိန်းနိုင်လို့ ဖျက်တဲ့သဘောပါပဲ။ နံပါတ်၂ ထူးခြားချက်က စစ်ကော်မရှင်ရဲ့ အငြိုးကြီးမှုပေါ့။ဘယ်သူက လုပ်သလဲဆိုတာကို မသိတာ တောင် တရားစွဲပစ်မယ်ဆိုတာချည်းပဲ။ သူတို့လုပ်မယ့် တရားမဝင်ရွေးကောက်ပွဲကို နည်းနည်းလေး မှတောင် အထိပါးမခံဘူးဆိုတာ အတိအလင်းဖော်ပြတာပေါ့”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူ တစ်ဦး က MPAသို့ ပြောသည်။
ထို့အပြင် ဒီဇင်ဘာ၃ရက် နံနက်ပိုင်းက မန္တလေးမြို့၊ ဈေးချိုတော်အနီး ဆန္ဒပြလူထုလှုပ်ရှားမှု ပြုလုပ် ခဲ့သော ဒေါက်တာတေဇာဆန်း၊ ကိုခန့်ဝေဖြိုး၊ ကိုနန်းလင်း၊ ကိုထက်မြက်အောင်၊ မေချီ(ခ)ချီချီ၊ မရွှန်း(ခ)ရွှန်းရွှန်းနှင့် စိစစ်ဆဲအမျိုးသား၄ဦးတို့ကိုလည်း ရွေးကာဥပဒေ၂၃(ခ)ဖြင့် ချမ်းအေးသာစံမြို့ နယ်၊အမှတ်၆ နယ်မြေရဲစခန်း၌ အမှုဖွင့်ထားကြောင်းလည်း ထုတ်ပြန်ထားသည်။
စာတည်း-ML
ဓာတ်ပုံ-စစ်ကော်မရှင်
ပုံစာ- ကျောက်တန်းတွင် ဖျက်ဆီးခံရသော ကြံ့ဖွံ့မဲဆွယ်ဆိုင်းဘုတ်။
