စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ရိက္ခာထွက်သယ်သည့် ပျူစောထီး ၈ဦးကို PDF တို့ အရှင်ဖမ်းမိခဲ့ကြောင်းသိရသည်။
ဒီဇင်ဘာ ၉ရက်၊ နံနက် ၉နာရီခွဲခန့်တွင် အရာတော်မြို့နယ်၊ ငွေတွင်းပျူရွာမှ ညောင်ဒူးလေးရွာသို့ ရိက္ခာထွက်သယ်သည့် ပျူစောထီး ၁၂ဦးကို ၂ရွာကြား၌ ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၈ဦးအားဖမ်းမိခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၂၁တပ်ရင်း၊ တပ်ခွဲ ၂ (Ngwe Dwin Revolution Force)အဖွဲ့က သတင်းထုတ်ပြန်သည်။
” ပြန်ပစ်ခတ်တာမျိုးမရှိဘူး။ သူတို့က ဂန်းသမား ၄ယောက်ပါတာ။ ၄ယောက်ကထွက်ပြေးတာ” ဟု မုံရွာခရိုင်အမှတ် ၂၁တပ်ရင်း၊ တပ်ခွဲ ၂ (Ngwe Dwin Revolution Force)၊ တပ်ခွဲမှူး ကိုစစ်နိုင်က MPA သို့ပြောသည်။
ပစ်ခတ်ခြင်းကြောင့် သေဆုံး၊ဒဏ်ရာရသူမရှိကြောင်းနှင့် ဖမ်းဆီးရမိသူများထံမှ ဆန်၊ ဆီ၊ အရက်နှင့် ငွေအချို့သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
ဖမ်းဆီးရမိသူများကို စစ်ဆေးနေပြီး ဥပဒေအရ အရေးယူသွားမည်ဟု ဆိုသည်။
ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် ငွေတွင်းပျူရွာမှ အင်အား ၃၀ဝန်းကျင်ဖြင့် အခင်းဖြစ်ခဲ့သည့်နေရာသို့ လာရောက်ကာ ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ညောင်ဒူးလေးရွာနှင့် ၂မိုင်အကွာတွင် အမှတ်၁၀အရာတော်လေ့ကျင့်ရေးတပ် တည်ရှိပြီး ယင်း တပ်မှ ပို့ပေးသည့် ရိက္ခာများကို ငွေတွင်းရွာ ပျူစောထီးများက သွား ရောက်သယ်ဆောင်ခြင်း ဖြစ်ကြောင်းသိရသည်။
” အဲရွာ (ညောင်ဒူးလေး)ကကြားနေသဘောမျိုးပါ။ Pမရှိ ခွေးမရှိပေါ့။ တပ်နဲ့နီးတယ်လေ။ တပ်ကပို့ပေးထားတာ။ ပျူတွေကတစ်ဆင့် သွားသယ်တာပေါ့” ဟု ၎င်းကပြောသည်။
ငွေတွင်းပျူရွာနှင့် ညောင်ဒူးလေးပျူရွာသည် ၂မိုင်သာဝေးကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင်အမှက်၂၁တပ်ရင်း၊ တပ်ခွဲ ၂ (Ngwe Dwin Revolution Force)၊ တိုက်နယ်၉ (MRTF)နှင့် ရွာခံမဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စာတည်း-ML
