စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၂၈ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟုဆိုကာ ထောင်ပြင် ခေါ်ထုတ်ပြီးနောက် အခြားအမှုများ ထပ်ကပ်ခံခဲ့ရကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ရက်၊ မနက်ပိုင်းက နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များမှ ခေါ်ထုတ်သွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ပြန်ကြားရေးတာဝန်ခံ မရောင်နီလင်းက ပြောသည်။
” ခေါ်ထုတ်သွားပြီးတဲ့နောက်မှာ သူတို့လည်း(နိုင်ငံရေးအကျဥ်းသားများ) လွတ်မြောက်ပြီမှတ်နေတာ၊ မိသားစုဝင်တွေကလည်း လွတ်မယ်မှတ်ပြီး ထောင်ရှေ့မှာစောင့်နေကြတယ်။ ပြီးတော့ ၂၈ဦးလုံးကို ရဲကန့်ကွက်မှုနဲ့ ပြန်ပြီး ဖမ်းလိုက်တာ ဖြစ်ပါတယ်၊ ရွှေဘိုထောင်ကနေ အခုချိန်ထိ တစ်ယောက်မှလွတ်လာတာမျိုးမရှိသေးပါဘူး ” ဟု ၎င်းက ပြောသည်။
နိုင်ငံရေးအကျဉ်းသားများကို အကျဉ်းထောင်မှခေါ်ထုတ်ပြီး နောက်အမှုများဖြင့် လွှတ်မပေးဘဲ ပြန်လည်ဖမ်းဆီးထားခြင်းသည် စစ်ကော်မရှင်မှ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မရောင်နီလင်းက ဆက်လက်ရှင်းပြသည်။
” ၅၀၅-က တွေ လွတ်တဲ့နေ့က စာရွက်စာတမ်းတွေနဲ့ နိုင်ကျဉ်း ၂၈ဦး ခေါ်ထုတ် သွားတယ်၊ သူတို့ (ထောင်အာဏာပိုင်များ) တရားဟောတဲ့ ပုံစံမျိုးနဲ့ ပြောတယ်၊ ပြီးတော့ လက်မှတ်ထိုးခိုင်းပြီးတော့ တခြားအမှုနဲ့ ထပ်ဆွဲလိုက်ကြတယ် ” ဟု ရွှေဘိုအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုပါ နိုင်ငံရေးအကျဉ်းသား ၂၈ဦး၏ မိသားစုဝင်များသည် လွတ်ငြိမ်းဖြင့် လွတ်မြောက်လာမည်ဟုဆိုကာ ရွှေဘိုထောင်ရှေ့၌ စောင့်နေခဲ့ကြရာ တစ်ဦးမှ လွတ်မြောက်ခဲ့ခြင်းမရှိဘဲ နောက်အမူများဖြစ်သည့် ၅၂ က၊ ၅၀ ည၊ ၃၅၃ စသည့် ပုဒ်မများဖြင့် ထပ်မံတရာစွဲဆိုခံထားရကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
” တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာရှိတဲ့အကျဉ်းထောင်က နိုင်ငံရေးအကျဥ်းသားတွေကို မလွှတ်ပေးတာက စစ်တပ်ကို ပြန်ပြီး တော်လှန်နိုင်တယ်ဆိုတဲ့ အယူအဆတွေ ကြောင့်ဖြစ်ပါလိမ့်မယ်၊ လွတ်ငြိမ်းစာရင်းသာရှိပြီး အမှန်တကယ် နိုင်ကျဉ်းတွေကို မလွှတ်ပေးတာက အရင်ကတည်းက လုပ်လာတဲ့ စစ်တပ်ရဲ့ လုပ်ကွက်တွေပါပဲ ” ဟု နိုင်ငံရေးစောင့်ကြည့်လေ့လာသူတစ်ဦးက ဆိုသည်။
ထို့အတူ စစ်ကော်မရှင်၏ လွတ်ငြိမ်းတွင် ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ ဗန်းမော်အကျဉ်းထောင်များ၌ မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများပါရှိသော်လည်း လက်တွေ့တွင်မှု လွတ်မြောက်လာခြင်း မရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ရက်က မြင်းခြံအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို စစ်ကော်မရှင်က လွတ်ငြိမ်းပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသား ကိုသက်နှင့် နိုင်ငံရေးအကျဉ်းသူ မပိုးပီတိခိုင်တို့ ပြန်လည်ဖမ်းဆီးခံခဲ့ရသည်။
“တကယ်ဆိုရင် နိုင်ငံရေးအကျဉ်းသား ငါးထောင်ကျော်တွေ၊ ၅၀၅-က ဆိုလည်း ၇၂၄ဦး၊ သူတို့ (စစ်ကော်မရှင်) အရေအတွက်တွေပြောထားတယ်၊ ဒါပေမဲ့ လက်ရှိ စာရင်းတွေရထားသလောက်ဆိုရင် သူတို့ပြောတဲ့ အရေအတွက်နဲ့ ကိုက်ညီမှုမရှိဘူး။ လွတ်တယ်၊ လွတ်ငြိမ်းပေးတယ်ဆိုတဲ့ သဘောတရားလောက်ပဲ ပြောထားတယ်၊ လွတ်ပြီးတော့ ပြန်ဖမ်းခံထားရတဲ့သူတွေရှိနေပါသေးတယ် ” ဟု မရောင်နီလင်းက ဆိုသည်။
စစ်ကော်မရှင်သည် နိုင်ငံရေးအကျဥ်းသားများကို မတရားပုဒ်မများတပ်ကာ ၎င်းတို့ဖမ်းဆီးချင်သလို ဖမ်းဆီးပြီးနောက် လွတ်ငြိမ်း ပေးရာတွင်လည်း ညီမျှမှုမရှိဘဲ ၎င်းတို့ လွှတ်ပေးချင်သည့် အကျဉ်းသားများကိုသာ လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လည်ဖမ်းဆီးမှုများရှိနေသဖြင့် သတိထားကြရန် PPNMအဖွဲ့မှ အသိပေးထားသည်။
စစ်တပ် အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်မှ၊ ဒီဇင်ဘာလ ၉ရက်အထိ ဒီမိုက ရေစီအရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီးခံခဲ့ရသူစုစု ပေါင်း ၃၀၀၉၉ဦးထိ ရှိပြီး ယင်းတို့အနက် ၂၂၆၅၈ဦးသည် အကျဉ်းထောင်များ၌ ဖမ်းဆီးခံထားရကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများအရ သိရသည်။
စာတည်း-ကိုဆန်း
