တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားခြင်း မရှိသည့်ကျေးရွာများတွင် နိုင်ငံရေးပါတီများ မဲမဆွယ်ရဲ

မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ပြိုင်ကြသည့် နိုင်ငံရေးပါတီများသည် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားခြင်း မရှိသည့်ကျေးရွာများဘက်တွင် မဲဆွယ်စည်းရုံခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်မရှိကြောင်း နိုင်ငံရေးပါတီများနှင့်နီးစပ်သူများနှင့် ဒေသခံများက ပြောသည်။

နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်းများသည် မွန်ပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အများစုတွင်သာ လုံခြုံရေးများဖြင့် မဲဆွယ်စည်းရုံးမှုများ မရဲတရဲ လုပ်ဆောင်နေရသည်။

တစ်ဖက်တွင် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်နယ်မြေစိုးမိုးမှုမရှိသည့် ကျေးရွာအချို့တွင်လည်း ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်ပိုစတာများ စိုက်ထူနိုင်ခြင်း မရှိသေးသည့်အပြင် ကိုယ်စားလှယ်လောင်းများကလည်း လူထုများနှင့် သွားရောက် တွေ့ဆုံကာ မဲဆွယ်စည်းရုံခြင်းများ လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း မွန်ညီညွတ်ရေး ပါတီ MUP နှင့် နီးစပ်သူ တစ်ဦးက MPA သို့ ပြောသည်။

“အဓိက လုံခြုံရေးအခက်အခဲပေါ့နော်၊ အချို့မဲဆန္ဒနယ်ရွာတွေ ရွေးကောက်ပွဲထဲ ပါနေတာတောင် သွားဖို့ အဆင် မပြေတဲ့အခြေအနေဖြစ်နေတယ်၊ အဲဒီရွာတွေက တစ်ဖက်အင်အားစုရှိတဲ့ ရွာလည်း ပါသလို၊ မြို့ပေါ်နဲ့ အလှမ်း ဝေးပြီး လုံခြုံရေးမကောင်းတဲ့ တစ်ဖက်အင်အားစု စိုးမိုးမှုမရှိတဲ့ ရွာတွေလည်း ပါနေတယ်” ဟု ၎င်းက ပြောသည်။

မဲဆွယ်စည်းရုံခြင်း မပြုနိုင်သည့်ကျေးရွာများထဲတွင် ပါတီထောက်ခံသူများပြားသည့် ကျေးရွာအုပ်စုများ ပါဝင်နေ သည့်အတွက် ပါတီအတွက် ထိခိုက်မှုရှိကြောင်း ၎င်းက ဆက်ပြောသည်။

မွန်ပြည်နယ်တွင် မြို့နယ်များ လက်လွှတ်ထားရခြင်း မရှိသေးသည့် စစ်ကောင်စီသည် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ သံဖြူဇရပ်၊ ရေး၊ ပေါင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၄၀ တွင် ရွေးကောက်ပွဲပြုလုပ်နိုင်ခြင်းမရှိကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်ထားသည်။

အဆိုပါနယ်မြေများသည် တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးမှု ရယူထားသော်လည်း အချို့ကျေးရွာ အုပ်စုများသည် မည်သည့်အဖွဲ့အစည်း၏ထိန်းချုပ်မှုအောက်တွင် မရှိနေဘဲ လုံခြုံရေး အားနည်းနေသည့် ကျေးရွာ များဖြစ်သည်။

“ သွားဖို့က မလွယ်ဘူးလေနော်၊ အန္တရာယ်က အဆိုးဆုံးအဆင့်ကို ရှိနေတာ၊ ဒီဘက်က တပ်မတော်အကူအညီနဲ့ လုံခြုံရေးအားကောင်းတဲ့ ရွာတွေဘက်ပဲ မဲဆွယ်နေရတာပေါ့၊ ဒါက ကြောက်တာမဟုတ်ဘူး၊ ပါတီဝင်တွေ အသက် အန္တရာယ်ဖြစ်မှာစိုးတာ” ဟု မွန်ပြည်နယ်ကြံ့ခိုင်ရေးပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လတ်တလော မြို့နှင့် အလှမ်းဝေးပြီး မဲဆွယ်စည်းရုံးခြင်း မလုပ်နိုင်သေးသည့် ကျေးရွာများကို စစ်တပ်၏ အကူအညီရယူပြီး စည်းရုံရေး ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ၎င်းက ဆက်ပြော သည်။

လက်ရှိ မွန်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီကိုယ်စားလှယ်လောင်းအချို့ကို ဖုန်းဆက်ခြိမ်းခြောက်ပြောဆိုမှုများ ခံနေရကြောင်း ပါတီနှင့် နီးစပ်သူများထံမှ သိရသည်။

တော်လှန်ရေးအင်အားစုများက စစ်တပ်ကျင်းပမည့်ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်မည့်သူများကို အရေးယူ သွားမည် ဖြစ်ကြောင်း အတိအလင်း တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။

“ရွေးကောက်ပွဲမှာပါဝင်ပတ်သက်သူမှန်သမျှကို ဖမ်းဆီးအရေးယူသွားမှာဖြစ်တယ်၊ ကျမတို့အနေနဲ့ ဖုန်းဆက်ပြီး အောက်တမ်းကျတဲ့ ခြိမ်းခြောက်တဲ့လုပ်ရပ်ကို မလုပ်ဘူး” ဟု မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့် ရှိသူ မိတလဉာဏ်က ပြောသည်။

စစ်ကော်မရှင်က ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရမည့်ရက်ကို အောက်တိုဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ သတ်မှတ်ထားပြီး အစောပိုင်းတွင် လုံခြုံရေးအကြောင်း ပြချက်ဖြင့် အွန်းလိုင်းမှတဆင့် မဲဆွယ်ခြင်းများ လုပ်ဆောင်ခဲ့သည်။

ယခုနောက်ပိုင်းတွင် စစ်တပ်၊ ရဲ၊ ပျူစောထီးကဲ့သို့သော စစ်အုပ်စုလက်ဝေခံ လက်နက်ကိုင်အဖွဲ့ဝင် အများအပြား အသုံးပြုပြီး မြို့ပေါ်များတွင် ပေါ်ပေါ်ထင်ထင်မဲဆွယ်စည်းရုံးခြင်းများ ပိုမိုလုပ်ဆောင်လာကြသည်ဟု မြို့ခံအချို့ က ပြောသည်။

“သူတို့(နိုင်ငံရေးပါတီ)က လုပ်စရာရှိတာ ဆက်လုပ်နေတယ်၊ ဂရုမစိုက်ဘူးပေါ့နော်၊ ဒါပေမယ့် သူတို့ရဲ့ စိတ်ထဲမှာ စိုးရိမ်မှုနဲ့ လုပ်နေရတာ ငြင်းမရဘူး၊ အခုလည်း ကြည့်လေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေကအစခေါ်ပြီး လုံခြုံ ရေးယူခိုင်းနေတာပဲလေ” ဟု နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေးလုပ်နေသည့်အပေါ် မွန်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

လက်ရှိ နိုင်ငံရေးပါတီများက အရှိန်အဟုန်ဖြင့် စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှု မရှိသည့်အတွက် အခက်တွေ့နေကြောင်း နိုင်ငံရေးပါတီ များက ဝန်ခံထားသည်။

မွန်ပြည်နယ်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတစ်ဦးအပါအဝင် ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ပအိုဝ်းအမျိုးသား တိုးတက်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ ရှေ့ဆောင် ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ(ကျားဖြူ)နှင့် အမျိုးသားအကျိုး စီးပွားတိုးတက်ရေးပါတီ တို့မှ ကိုယ်စားလှယ်လောင်း ၂၅၀ ကျော်ဝင်ပြိုင်မည်ဟု သိရသည်။

စာတည်း-ကိုဆန်း