တောင်ကိုရီးယားနိုင်ငံတွင် ကြိုတင်မဲပေးရန် နောက်ထပ်သက်တမ်းတိုးခဲ့သည့် ၅ရက်အတွင်း မဲလာ ပေးသူ ၅၀ထက် မကျော်ကြောင်း ရွေးကောက်ပွဲဆန့်ကျင်ရေးပူးပေါင်းလှုပ် ရှားမှုကော်မတီထံက သိရ သည်။
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများကို ဒီဇင်ဘာ ၆ရက်နှင့် ၇ရက်တို့တွင် တရားမဝင် ရွေးကောက်ပွဲအတွက် ကြိုတင်မဲလာပေးရန် ဆိုးလ်မြို့ စစ်ကော်မရှင်သံရုံးက ထုတ်ပြန်ခဲ့ရာ မဲလာ ပေးသူ အလွန်နည်းသဖြင့် ဒီဇင်ဘာ၈ရက်မှ ၁၂ရက်အထိ နောက်ထပ် မဲပေးရက် သက်တမ်းတိုးခဲ့ ခြင်းဖြစ်သည်။
“ဘယ်လိုနည်းနဲ့မှ မဲ၁၀၀ကျော်အထက် ရတယ်ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။အကယ်၍ အဲ လိုသာ ကြေညာခဲ့တယ်ဆိုရင် တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလူဦးရေ ရာဂဏန်းနဲ့အထက် မဲပေး ခဲ့ ပါတယ်။ထောင်ဂဏန်းမဲပေးခဲ့တယ်ဆိုရင် အဲဒါဟာ သံရုံးရဲ့ လိမ်ညာမှု သီးသန့်ပဲ ဖြစ်ပါလိမ့်မယ်”ဟု ရွေးကောက်ပွဲဆန့်ကျင်ရေးပူးပေါင်းလှုပ်ရှားမှုကော်မတီဝင် ဦးကျော်ဆန်းက MPAသို့ပြောသည်။
သက်တမ်းတိုးခဲ့သည့်၅ရက်အတွင်း တစ်ရက်လျှင် မဲလာပေးသူ ၁၀ယောက်ထက်မကျော်ကြောင်း သိရသည်။
“ဒါ အများဆုံးဖြစ်နိုင်တာကို ပြောတာပါ။ဒီ့ထက်တောင် နည်းကောင်းနည်းနိုင်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ကြိုတင်မဲ စတင်ပေးခိုင်းသည့် ဒီဇင်ဘာ၆ရက်နှင့် ၇ရက်တွင် မဲလာပေးခဲ့သူ ၂၅ဦးပင် မရှိကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံတွင် ဗီဇာမျိုးစုံဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသား ၆သောင်းကျော်ရှိ ကြောင်း သိရသည်။
စစ်ကော်မရှင်သံရုံးအနီးတွင် ဒီဇင်ဘာ၆ရက်မှ ယနေ့(ဒီဇင်ဘာ၁၂ရက်)အထိ တောင်ကိုရီးယား ရောက် မြန်မာတော်လှန်ရေးအင်အားစုတို့က တရားမဝင်ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြပွဲ ကျင်းပ ခဲ့ရာ ယနေ့၌ မြန်မာ၄၀ကျော် တက်ရောက်ဆန္ဒပြခဲ့ကြသည်။
“မနက်ပိုင်းမှာ ကျောင်းမသွားရတဲ့ ကျောင်းသူ၊ကျောင်းသားတွေ မနက်ပိုင်းမှာလာပြတယ်။မနက်ပိုင်း တစ်ပိုင်းပဲ ကျောင်းတက်ရတဲ့သူတွေဆို နေ့လယ်ပိုင်းမှာ လာပြတယ်။တချို့က မနက်ပိုင်း အလုပ် တစ်ပိုင်း ခွင့်ယူပြီးတော့ လာပြတယ်။တချို့က နေ့လယ်ပိုင်း ခွင့်ယူပြီး လာပြတယ်။တချို့ကတော့ ရက်အပြည့် ခွင့်ယူပြီး လာပြတာမျိုးတွေ ရှိပါတယ်”ဟု ဦးကျော်ဆန်းက ပြောသည်။
ယနေ့မွန်းလွဲပိုင်းတွင် ဆိုးလ်မြို့ စစ်ကော်မရှင်သံရုံးအနီး ကျင်းပနေသည့် ဆန္ဒပြပွဲသို့ NUGနိုင်ငံခြား ရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့် NUGရုံးအဖွဲ့ဝင်များ လာရောက်ကာ ဂုဏ်ပြုအားပေးခဲ့ကြောင်း သိရသည်။
စာတည်း-ML
