ကျောက်ဖြူ စစ်ဘေးရှောင်ရွာကို ညအချိန် စစ်တပ် ဗုံးကြဲ၊ အမျိုးသမီး၃ဦးအပါအဝင် ၈ဦးသေဆုံး

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ ခိုလှုံနေသည့် ကျေးရွာ၂ရွာကို စစ်တပ်က ညအချိန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး၃ဦးအပါအဝင် ၈ဦးသေဆုံးခဲ့ကြောင်း သိရ သည်။

ဒီဇင်ဘာ၁၁ရက်၊ည ၇နာရီ၃၄မိနစ်ခန့်တွင် မဒေးကျွန်းအနီး အမှတ်၃ တိုက်နယ် ၊င/လုံးစု အထက်ရွာနှင့် အောက်ရွာထဲသို့ စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင်၅၀၀ ဗုံး၂လုံးကြဲချခဲ့ခြင်းဖြစ်ပြီး ၁၀ဦးခန့်လည်း ဒဏ်ရာရရှိခဲ့ကြောင်း AA က ကနဦးသတင်းထုတ်ပြန်ထားသည်။

“သေသွားတဲ့လူ‌တွေနဲ့ ဒဏ်ရာရသူတွေရဲ့ နာမည်ကိုတော့မရသေးဘူး။ အားလုံးစုစုပေါင်း သေတာက ၈ယောက်။ ဒဏ်ရာရတာက ၇ ယောက်ပါ။ သေသွားတဲ့အထဲမှာ ကျွန်တော့်ညီ အငယ်ဆုံး အသက်၂၄နှစ် ထွန်းထွန်းအေးလည်းပါသွားပါတယ်”ဟု င/လုံးစု ကျေးရွာသားတစ်ဦးက MPAသို့ပြောသည်။
သေဆုံးဒဏ်ရာရရှိသွားကြသည့် စစ်ဘေးရှောင်များနှင့် ဒေသခံတို့၏ အခြေအနေအသေးစိတ်ကို MPA က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဒီဇင်ဘာလ ၁၀ ရက်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကလည်း မြောက်ဦးမြို့ ခရိုင်ပြည်သူ့ ဆေးရုံကို စစ်တပ်က ပေါင် ၅၀၀ ဗုံး၂လုံးကြဲချခဲ့ပြီး ဒီဇင်ဘာလ ၁၁ ရက်၌ ကျောက်ဖြူနှင့် ဂွ မြိုနယ်ကိုပါ ဆက်လက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မြောက်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်တွင် သေဆုံး၊ဒဏ်ရာရရှိခဲ့ကြသူများမှာ AA တပ်ဖွဲဝင်များသာဖြစ်သည်ဟု စစ်ကော်မရှင်၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက လိမ်ညာဝါဒဖြန့် လျက်ရှိသည်။

သေဆုံးဒဏ်ရာရရှိသူများမှာ ဆေးကုသမှုခံယူနေကြသည့် သားဖွားမိခင်များ၊ ကိုယ်ဝန်ဆောင်များ၊ မွေးကင်းစကလေးငယ်များနှင့် သက်ကြီးပိုင်း လူနာများအပြင် လူနာစောင့်နှင့် ဆေးရုံဝန်ထမ်းများ ဖြစ်‌ပြီး ဆေးကုသမှုခံယူနေသည့် ရိုဟင်ဂျာမိသားစုဝင် ၄ဦးလည်း ပါဝင်သည်။

မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုကြောင့် ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီးခဲ့ပြီး ဆေးကုသမှုခံယူနေသော ပြည်သူ၃၃ဦး ပွဲချင်းပြီးသေဆုံးကာ ၇၆ဦး ဒဏ်ရာရခဲ့ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။