အိမ်ဟောင်းပေါ်မှာ အိမ်အသစ်ဆောက်သည့် NUG

NUG အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ဒီဇင်ဘာ ၈ရက်က ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်ပေမယ့် အသစ်ပြန်လည် ဖွဲ့စည်းထားသည့် အမည်စာရင်းတွေကို အသေစိတ်လေ့လာကြည့်သည့်အခါ သိသာထင်ရှားသော အပြောင်းအလဲများကို မတွေ့ရဘဲ လူဟောင်း၊ နေရာဟောင်း၊ မူဝါဒဟောင်း ပုံစံမျိုးဖြင့်သာ ဆက်သွားမည့် အနေအထားကို တွေ့မြင်နေရသည်။

ထို့ကြောင့်လည်း လူထုကြားတွင် ဝေဖန်သံများ မြင့်တက်လာခြင်းမှာ အကြောင်းမဲ့မဟုတ်ဘဲ လက်တွေ့ကျသည့် အကြောင်းပြချက်များ ရှိနေပါသည်။

အစိုးရအဖွဲ့ဘက်မှ ကြည့်မည်ဆိုလျှင် လက်ရှိတာဝန်ယူထားသော ဝန်ကြီးများကို နေရာအပြောင်းအလဲ မလုပ်ဘဲ ဆက်ထားခြင်းသည် နိုင်ငံရေးနှင့် စစ်ရေးအရှိန်ရနေချိန်တွင် တည်ငြိမ်မှုကို ဦးစားပေးလိုခြင်း၊ နိုင်ငံတကာဆက်ဆံရေးနှင့် လုပ်ငန်းအတွေ့အကြုံ ဆက်စပ်မှု မပြတ်တောက်စေလိုခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။

သို့သော် တော်လှန်ရေးကာလ ကြာမြင့်လာသည်နှင့်အမျှ ပြည်သူလူထုဘက်ကမူ အချို့သော ဝန်ကြီးဌာနများ၏ စွမ်းဆောင်ရည်အပေါ် အားမလိုအားမရဖြစ်မှုများ ရှိနေခဲ့သည်။

ထိရောက်မှုအားနည်းသည်ဟု ယူဆရသော နေရာများတွင် လူသစ်၊ စိတ်သစ်များဖြင့် အပြောင်းအလဲလုပ်ရန် မျှော်လင့်ခဲ့ကြသော်လည်း လက်တွေ့တွင် အပြောင်းအလဲကြီးကြီးမားမား မပါလာသည့်အတွက် တော်လှန်ရေး အရှိန် တန့်သွားမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

ထို့ပြင် သမ္မတကြီးဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို အစိုးရအဖွဲ့တွင် ဆက်လက်ထည့်သွင်းထားခြင်း သည် ၂၀၂၀ ရွေးကောက်ပွဲရလဒ်၏ တရားဝင်မှုကို ဆက်လက်ဆုပ်ကိုင်ထားကြောင်း ပြသရာရောက်သော်လည်း၊ လက်တွေ့မြေပြင်တွင်မူ ဖမ်းဆီးခံခေါင်းဆောင်များ ပါဝင်ဆုံးဖြတ်နိုင်ခြင်း မရှိသည့် အားနည်းချက် ရှိနေပေသည်။

လူထုအနေဖြင့် သင်္ကေတသဘောဆောင်သည့် ခေါင်းဆောင်မှုထက် လက်တွေ့အလုပ်လုပ်နိုင်ပြီး ဆုံးဖြတ်ချက် မြန်ဆန်သည့် ဦးဆောင်မှုကို ပိုမိုလိုလားနေကြသည်။

ကာကွယ်ရေးနှင့် မဟာမိတ်ရေးရာ ကဏ္ဍများတွင်လည်း ခေါင်းဆောင်မှု အပြောင်းအလဲမရှိသည့်အတွက် လက်ရှိကျင့်သုံးနေသော စစ်ရေးဗျူဟာများအတိုင်းသာ ဆက်သွားမည့်သဘော သက်ရောက်နေပြီး၊ လူထုမျှော်လင့်သလောက် စစ်ရေးအရှိန်အဟုန် မြင့်တက်လာမည်လားဟူသော မေးခွန်းထုတ်စရာများလည်း ရှိနေသည်။

NUG အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း (ကြေညာချက် ၃/၂၀၂၅) နှင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (FDC) ပြဋ္ဌာန်းချက်များကို နှိုင်းယှဉ်လေ့လာကြည့်သည့်အခါ အထင်ရှားဆုံး တွေ့ရသည့် ကွာဟချက်မှာ “ဂျန်ဒါတန်းတူညီမျှရေး (Gender Equality)” ကဏ္ဍဖြစ်သည်။

ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အပိုင်း (၃)၊ အပိုဒ် (၄၈) တွင် ဆုံးဖြတ်ချက်ချမှတ်သည့် အခန်းကဏ္ဍအဆင့်ဆင့်၌ အမျိုးသမီး အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရမည်ဟု အတိအလင်း ပြဋ္ဌာန်းထားပါသည်။ သို့သော် လက်တွေ့ထုတ်ပြန်လိုက်သော အစိုးရအဖွဲ့စာရင်းတွင် ဝန်ကြီးနှင့် ဒုဝန်ကြီး (၂၉) ဦးအနက် အမျိုးသမီး (၄) ဦးသာ ပါဝင်သဖြင့် ၁၃ဒဿမ၈ ရာခိုင်နှုန်းသာ ရှိနေသည်ကို တွေ့ရသည်။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင် မျှော်မှန်းထားလေ့ရှိသော အမျိုးသမီးပါဝင်မှု ၃၀ရာခိုင်နှုန်း နှင့် နှိုင်းယှဉ်ပါက လက်ရှိဖွဲ့စည်းပုံတွင် အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်း နည်းပါးနေသေးသည်ကို တွေ့ရသည်။ အထူးသဖြင့် ဒုတိယဝန်ကြီး (Deputy Ministers) နေရာများတွင် အမျိုးသမီးအမည်စာရင်း လုံးဝမပါဝင်လာသည်မှာ အနာဂတ်ခေါင်းဆောင်မှုနေရာလွှဲပြောင်းရေး (Leadership Pipeline) အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေနိုင်သည်။

ကဏ္ဍအလိုက် တာဝန်ယူမှု ခွဲခြမ်းစိတ်ဖြာကြည့်လျှင် ပညာရေးနှင့် ကျန်းမာရေးကဲ့သို့သော “ပြုစုစောင့်ရှောက်ရေး (Care/Social)” သဘောဆောင်သည့် ဝန်ကြီးဌာနများတွင် အမျိုးသမီးများကို တာဝန်ပေးထားခြင်းသည် ရိုးရာအမြင် ကျား/မ လုပ်ငန်းခွဲခြားမှု ပုံစံခွက် (Gender Stereotyping) အတိုင်း ရှိနေဆဲဖြစ်သည်။

ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် စီမံဘဏ္ဍာကဲ့သို့သော အာဏာစက်ကြီးမားသည့် “Hard Power” ဌာနများတွင် အမျိုးသားများကသာ ဆက်လက်လွှမ်းမိုးထားသည်။

သို့သော် ထူးခြားချက်အနေဖြင့် မဟာဗျူဟာကျပြီး အရေးပါသည့် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အမျိုးသမီးဝန်ကြီး (ဒေါ်ဇင်မာအောင်) က ဦးဆောင်နေခြင်းမှာ ရိုးရာပုံစံခွက်ကို ဖောက်ထွက်နိုင်သည့် အားသာချက်တစ်ခု ဖြစ်သည်။

သို့ရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ ဖမ်းဆီးခံထားရသူဖြစ်သဖြင့် လက်တွေ့ ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ငန်းစဉ်တွင်မူ အမျိုးသမီးဦးဆောင်မှု ကွာဟချက် ရှိနေနိုင်သည်ကို သတိပြုရပါမည်။

ယခင်ကမူ စစ်အာဏာရှင်တို့ စိတ်ကြိုက်ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်စေရန် ဟန့်တားထားသည့် အဓိက အတားအဆီးကြီး ဖြစ်ခဲ့သည်။ အထူးသဖြင့် ထိုဥပဒေ၏ ပုဒ်မ ၅၉(စ) တွင် နိုင်ငံခြားသား ဇနီး၊ ခင်ပွန်းနှင့် သားသမီးရှိသူများ သမ္မတမဖြစ်ရဟု ပြဋ္ဌာန်းထားခြင်းသည် လူထုခေါင်းဆောင်တစ်ဦးတည်းကို ရည်ရွယ်ကန့်သတ်ထားသည့် မတရားသော ဥပဒေတစ်ရပ် ဖြစ်ခဲ့သည်မှာ ထင်ရှားပါသည်။

သို့သော် လက်ရှိ နွေဦးတော်လှန်ရေးကာလတွင် ပြည်သူ့ကိုယ်စားပြုအဖွဲ့အစည်းများဖြစ်သည့် CRPH နှင့် NUG တို့က ထို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းကြောင်း တရားဝင်ကြေညာခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဥပဒေရှုထောင့်အရ ကြည့်မည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတရာထူးပေးအပ်ရန် ယခင်ကကဲ့သို့ မည်သည့်အတားအဆီးမျှ မရှိတော့ပေ။

သို့တိုင်အောင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် မကြေညာဘဲ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်သာ ဆက်လက်ထားရှိသည်။

နောက်ဆုံးအချက်အနေဖြင့် အားလုံးပါဝင်နိုင်မှု (Inclusivity) ရှုထောင့်မှကြည့်လျှင် လူ့အခွင့်အရေးဝန်ကြီးဌာနတွင် ဦးအောင်မျိုးမင်း ပါဝင်နေခြင်းသည် မြန်မာ့နိုင်ငံရေးသမိုင်း၌ LGBTQ+ ကိုယ်စားပြုမှုအတွက် အရေးပါသော တိုးတက်မှုတစ်ခုဖြစ်သည်။
တိုင်းရင်းသားပေါင်းစုံ ပါဝင်ဖွဲ့စည်းထားသည်ဟု ဆိုသော်လည်း ထိုတိုင်းရင်းသားကိုယ်စားပြုမှုများထဲတွင်လည်း အမျိုးသားဦးရေကသာ လွှမ်းမိုးထားဆဲဖြစ်သည်ကို တွေ့ရသည်။

ဂျန်ဒါရှုထောင့်မှကြည့်လျှင် “အရည်အချင်းရှိ အမျိုးသမီးခေါင်းဆောင်အချို့ အဓိကနေရာများတွင် ရောက်ရှိနေသော်လည်း၊ ဖွဲ့စည်းပုံတစ်ခုလုံးအနေဖြင့် အမျိုးသားများ လွှမ်းမိုးထားသည့် ပုံစံ (Male-dominated Structure) အဖြစ်သာ ရှိနေသေးသည်” ဟု သုံးသပ်နိုင်ပါသည်။

ဤအချက်သည် ပဋိညာဉ်တွင် ပေးထားသော ကတိကဝတ်နှင့် လက်တွေ့ဆောင်ရွက်မှုအကြား ကြီးမားစွာ ကွာဟနေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကတိကဝတ်ကို ချိုးဖောက်ရာရောက်နေကြောင်း ထောက်ပြစရာ ဖြစ်နေသည်။

ယခုဖွဲ့စည်းမှုအသစ်သည် တော်လှန်ရေးကို ချက်ချင်းအပြောင်းအလဲဖြစ်စေမည့် ပြုပြင်ပြောင်းလဲရေး (Reform) တစ်ခုမဟုတ်ဘဲ၊ လုပ်ထုံးလုပ်နည်းအရ သက်တမ်းတိုးသည့် သဘောသာ ဆောင်နေပါသည်။ အကယ်၍ လူမပြောင်းလဲနိုင်လျှင်တောင်မှ မူဝါဒနှင့် လုပ်နည်းလုပ်ဟန်များကို ပြောင်းလဲကျင့်သုံးမှသာ လူထုမျှော်လင့်နေသော တော်လှန်ရေးခရီးကို ထိရောက်စွာ ဆက်လှမ်းနိုင်မည်ဖြစ်ကြောင်း သုံးသပ်ရပါသည်။

စာတည်း-ကိုဆန်း