နိုင်ငံတကာက ကန့်ကွက်နေသော်လည်း ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်တို့ကို စစ်တပ်က ညသန်းခေါင်ကျော်၌ ဗုံးကြဲခဲ့ပြန်ကြောင်း သိရသည်။
ယနေ့(ဒီဇင်ဘာ ၁၃ ရက်) နံနက် ၁၂ နာရီ ၁၈ မိနစ်တွင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ တောင်ပေါက်ကျေးရွာအပါအဝင် ရွာအချို့နှင့် ၁၂ နာရီ မိနစ် ၂၀ ခန့်၌ ရသေ့တောင်မြို့နယ်ရှိ ရေပိုက်ဆုံ(ရီပိုက်ဆုံ)ကျေးရွာသို့ စစ်တပ်က ဂျက်ဖိုက်တာတစ်စင်းဖြင့် ဗုံးတစ်လုံးစီ ကြဲချတိုက်ခိုက်ခဲ့ကြောင်း AA က ကနဦး သတင်းထုတ်ပြန်ထားသည်။
“မြောက်ဦးဆေးရုံ ဗုံးကြဲတာကို နိုင်ငံတကာက တော်တော်ကန့်ကွက်ကြတယ်။ဒါပေမဲ့၊ဆက်တိုက် ဆက်ကြဲနေတယ်။ငါတို့ သတ်ချင်သလို သတ်မယ်။မင်းတို့နဲ့ ဘာမှမဆိုင်ဘူးဆိုတဲ့အချိုးမျိုးနဲ့ ဆက် လုပ်ပြတဲ့သဘောပဲ”ဟု ရန်ကုန်အခြေစိုက် ရခိုင်အမျိုးသားစာရေးဆရာတစ်ဦးက MPAသို့ပြောသည်။
ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရ အရေအတွက်နှင့် အခြေအနေကို မသိရသေးဘဲ အသေးစိတ် ထပ်မံတင်ပြမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဒီဇင်ဘာ ၁၁ ရက် ည ၇ နာရီ ၃၄ မိနစ်ခန့်တွင် ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များခိုလှုံနေသည့် မဒေးကျွန်းအနီး အမှတ် ၃ တိုက်နယ် ၊ င/လုံးစု အထက်ရွာနှင့် အောက်ရွာသို့ စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၃ ဦးအပါအဝင် ၈ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့သေးသည်။
ထို့အပြင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာ ၁၀ ရက်ကလည်း မြောက်ဦးမြို့ပေါ် ၊ ထမ္မရာဇ်ရပ်ကွက်ရှိ မြောက်ဦးပြည်သူ့ဆေးရုံကြီးကို စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့မှုကြောင့် ၃ လသားအရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် ဆေးကုသမှု ခံယူနေသည့် ပြည်သူ ၃၃ ဦး သေဆုံးခဲ့သည်။
မြောက်ဦး ဆေးရုံဗုံးကြဲခံရမှုကြောင့် ဆေးကုသမှုခံယူနေကြသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များအပါအဝင် အရပ်သား ပြည်သူ ၇၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း AA ကထုတ်ပြန်ထားသည်။
“မနေ့ကပဲ ရွှေ့ထားတယ်ဆိုတော့ သူတို့က သိပ်အနေအထိုင်တောင် မကျသေးဘူး။သူတို့သည် လုံခြုံတဲ့ နေရာလောက်ကို ရွှေ့ထားရုံလောက်ပဲရှိသေးတယ်။ ဆေးကုသမှုအပိုင်းကတော့ သိပ်မလုပ်နိုင်သေးဘူးဗျ”ဟု ပြင်းထန်ဒဏ်ရာရ ပြည်သူများ၏ အခြေအနေနှင့် ပတ်သက်၍ ရခိုင်ဒေသခံ စာရေးဆရာဝေဟင်အောင်က MPA သို့ပြောသည်။
မြောက်ဦးဆေးရုံတွင် AA နှင့် တော်လှန်ရေးတပ်များ စစ်စခန်းအဖြစ် သုံးနေသောကြောင့် ဗုံးကြဲခဲ့ ခြင်းဖြစ်ကြောင်း စစ်ကော်မရှင်က လိမ်ညာဝါဒဖြန့် ထုတ်ပြန်သည်။
စာတည်း-ML
