Reuters
အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်က အပစ်အခတ် ရပ်စဲရေးကို ကြားဝင်စေ့စပ်ပေးခဲ့သည်ဟု ကြေညာခဲ့သော်လည်း နာရီပိုင်းအကြာ ယနေ့ ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ထိုင်းတပ်ဖွဲ့များက အငြင်းပွား နယ်စပ်တစ်လျှောက်ရှိ ပစ်မှတ်များကို တိုက်လေယာဉ်များအပါအဝင် စစ်ရေးအရ ဆက်လက်တိုက်ခိုက်နေကြောင်း ကမ္ဘောဒီးယားက ပြောကြားသည်။
“ထိုင်းတပ်ဖွဲ့တွေက ဗုံးကြဲတိုက်ခိုက်မှုတွေကို မရပ်သေးဘဲ ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထိုင်းစစ်တပ်ကလည်း ကမ္ဘောဒီးယားသည် အရပ်သားနေရာများကို ပစ်မှတ်ထားခြင်းနှင့် မြေမြှုပ်မိုင်းများ ထပ်မံချထားခြင်းတို့ဖြင့် “နိုင်ငံတကာ စည်းမျဉ်းများကို ထပ်ခါတလဲလဲ ချိုးဖောက်နေသည်” ဟု တုံ့ပြန်ခဲ့သည်။
ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဝီရာကူလ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန် မာနက်တို့နှင့် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယားတို့သည် ဒီဇင်ဘာ ၁၃ ရက်နေ့မှစ၍ ပစ်ခတ်မှုအားလုံးကို ရပ်ဆိုင်းရန် သဘောတူညီခဲ့ကြသည်ဟု ထရန့်က ပြောကြားခဲ့သည်။
သို့သော် နှစ်နိုင်ငံခေါင်းဆောင်များအကြား ဖုန်းခေါ်ဆိုမှုအပြီး ထုတ်ပြန်သော ကြေညာချက်များတွင် အနုတင်က အပစ်အခတ် ရပ်စဲခြင်း မရှိကြောင်း ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် မာနက်က ၎င်း၏ Facebook စာမျက်နှာပေါ်မှ ဒီဇင်ဘာ ၁၃ ရက် ထုတ်ပြန်ချက်တွင် ထရန့်နှင့် ဖုန်းပြောဆိုမှုနှင့် မလေးရှားခေါင်းဆောင် အန်ဝါ အီဘရာဟင်နှင့် ယခင်ဆွေးနွေးမှုများကို ရည်ညွှန်းခဲ့ပြီး ပြီးခဲ့သည့် အောက်တိုဘာလက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်နှင့်အညီ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ဆက်လက်ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။
သို့သော် မာနက်က နောက်ဆုံးဖြစ်ပွားနေသည့် တိုက်ပွဲများတွင် “မည်သည့်ဘက်က အရင်ပစ်ခတ်သည်ကို စိစစ်အတည်ပြုရန်” ၎င်းတို့၏ ထောက်လှမ်းရေး အချက်အလက် စုဆောင်းရေး စွမ်းရည်များကို အသုံးပြုရန် အမေရိကန်နှင့် မလေးရှားတို့အား အဆိုပြုထားသည်။
