ဖျက်ဆီးခံရသည့် ကြံ့ဖွံ့မဲဆွယ်ဆိုင်းဘုတ် ၂၂ခုရှိပြီ

ဓာတ်ပုံ-စစ်ကော်မရှင်
ပုံစာ- ကျောက်တန်းတွင် ဖျက်ဆီးခံရသော ကြံ့ဖွံ့မဲဆွယ်ဆိုင်းဘုတ်။

13 Dec 2025 By / MPA

ကြံ့ဖွံ့မဲဆွယ်ဆိုင်းဘုတ်များ အများဆုံးဖျက်ဆီးခံနေရကြောင်း စစ်ကော်မရှင်ထုတ်ပြန်ချက်များအရ သိရသည်။

နိုဝင်ဘာ၁၁ရက်မှစတင်ကာ မဲဆွယ်ဆိုင်းဘုတ်များ ဖျက်ဆီးခြင်းခံခဲ့ကြရပြီး ယခုအခါ ဖျက်ဆီးခံ ရသည့် ကြံ့ဖွံ့မဲဆွယ်ဆိုင်းဘုတ် ၂၂ခု၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဆိုင်းဘုတ် ၃ခု၊ ပြည်သူ့ပါတီမဲ ဆွယ်ဆိုင်း ဘုတ်၃ခု၊၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ) ဆိုင်းဘုတ် တစ်ခုနှင့် တစ်သီးပုဂ္ဂလဆိုင်းဘုတ်တစ်ခု စုစုပေါင်းဆိုင်းဘုတ်၃၀ ရှိပြီဖြစ်ကြောင်း စစ်ကော်မရှင် ထုတ်ပြန်ချက်များ အရ သိရသည်။

“ပြည်သူတွေရဲ့ မေတ္တာပေါ့ဗျာ။မျက်နှာမြင်ရင် အလိုလိုဖြတ်ရိုက်ချင်တဲ့ထဲ ကြံ့ဖွံ့က ထိပ်ဆုံးက ပါ တာကိုး။နောက်တစ်ချက်က ကြံ့ဖွံ့တစ်ပါတီတည်းကပဲ မြန်မာနိုင်ငံအနှံ့ ဆိုင်းဘုတ်တွေ အများဆုံး ထောင်နိုင်တာကြောင့် အများဆုံး ဖျက်ဆီးခံရတာလည်း ပါမယ်ထင်တယ်။သေချာတာက ဖျက်ဆီးတဲ့ သူတွေဟာ တော်လှန်ရေးအင်အားစုမဟုတ်ဘူး။သာမန်ပြည်သူတွေ။ပြည်သူတွေက ရတဲ့နည်းနဲ့ ရွေး ကောက်ပွဲကို ဆန့်ကျင်ကြတာ”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ ပြောသည်။

မဲဆွယ်ဆိုင်းဘုတ်အများဆုံး ဖျက်ဆီးခံရသည့်ဒေသမှာ ရန်ကုန်တိုင်းဖြစ်ပြီး ၈ခုရှိကာ မန္တလေးတိုင်း အတွင်း ၅ခုနှင့် ဒုတိယနှင့် တတိယ ကရင်ပြည်နယ် ၄ခုတို့ဖြစ်သည်။

ဆိုင်းဘုတ်၃၀ ဖျက်ဆီးခံရသည့်အနက် ၂၀ကို မည်သူမည်ဝါ ဖျက်ဆီးမှန်းမသိဘဲ စစ်ကော်မရှင်က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးမှုနှင့်ပတ်သက်ပြီး ရွေးကောက်ပွဲကို နှောက် ယှက် ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က)ဖြင့် သက်ဆိုင်ရာရဲစခန်းအသီး သီး၌ အမှုဖွင့်ထားကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။

စာတည်း-ML