စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် PDF လက်မခံရန် စစ်ကော်မရှင်တပ်က လှည့်လည်စည်းရုံးရေးဆင်းနေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန် ၁၉ ရက်မှစ၍ လက်ရှိအချိန်ထိ ပုလဲမြို့နယ်၊ မုံရွာ – ပုလဲ – ဂန့်ဂေါလမ်းမကြီးပေါ်ရှိ ကန့်ဒေါင့်ရဲစခန်းကိုဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားနိုင်သော်လည်း၊ ယခင်က တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားနိုင်သည့် မုံရွာ – ပုလဲ – ဂန့်ဂေါလမ်းမကြီးပေါ်ရှိ လက်ပုကန်၊ နှောကန်၊ မင်းတိုင်ပင်ကျေးရွာအပါအဝင် ဆယ်ရွာထက်မနည်းကို လက်လွှတ်ခဲ့ရသည်။
တော်လှန်ရေးတပ်ဖွဲ့များ လက်လွှတ်ခဲ့ရသည့် လက်ပုကန်၊ မင်းတိုင်ပင်၊ အင်ကြင်းစု၊ သာယာကုန်း၊ မြေနီကုန်း၊ ထန်းတောတိုက်၊ သရက်၊ ဌက်ပျောတော(မြောက်)၊ ကွင်းကိုင်း၊ ကျောက်ဖျာကန်၊ အင်းကန်နှင့် ကိုင်းတွင်းကျေးရွာများအတွင်းကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုး လှည့်လည်သွားလာကာ ကျေးရွာအတွင်းရှိ ကျန်ရှိနေသည့်သူများကို စည်းရုံးရေးဆင်းနေခြင်း ဖြစ်သည်။
“အခု စစ်တပ်ဝင်နေတဲ့ ရွာတွေက လက်ပုကန်ကနေ ကန့်ဒေါင့်ထိ လမ်းမကြီးတစ်လျှောက်လုံးက ရွာတွေရယ်၊ ကန့်ဒေါင့်ဝန်းကျင်က ရွာတွေရယ်ကို စစ်ကြောင်းဝင်ပြီး ပြောတာ။ PDF လက်မခံဖို့၊ PDF မရှိရင်ဘာမှမလုပ်ဘူးပေါ့။ စစ်တပ်က သူတို့ရှိရင် အေးချမ်းတဲ့ပုံစံမျိုး စည်းရုံးရေးဆင်းတာ” ဟု မြေပြင်အခြေအနေသိရှိသူ အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
ပုလဲနယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန်လဆန်းမှစ၍ စစ်ရှောင်နေရသည်မှာ ခြောက်လဝန်းကျင်ရှိနေပြီး စားဝတ်နေရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေး စသည့် အဘက်ဘက်မှ အခက်အခဲများကြုံတွေ့နေရချိန် စစ်ကော်မရှင်တပ်က ထိုကဲ့သို့ လိုက်လံစည်းရုံးနေခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသည့် အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
“ပြည်သူတွေစစ်ရှောင်ပြီး ဒုက္ခများနေတဲ့အချိန် ချော့ပြီး စည်းရုံးရေးဆင်းတော့တာ၊ တချို့ပြည်သူကျတော့လည်း စစ်ရှောင်ရတာကြာလာတော့ ကိုယ့်အိမ်ကိုယ်ပြန်ချင်ကြတယ်။ စစ်တပ်အားပေးတာမဟုတ်ပေမယ့် ရေရှည်တောင့်မခံနိုင်တော့ ရွာပြန်နေချင်ကြတယ်။ ပြည်သူ စိတ်ဓာတ်ကျတာက ကာကွယ်ရေးအဖွဲ့တွေ အလုပ်မလုပ်ကြလို့ စိတ်ပျက်ကြတာ” ဟု ၄င်းက ဆိုသည်။
နေ့စားလုပ်သားများအနေဖြင့် မိမိတို့၏ စားဝတ်နေရေးအတွက် ကျေးရွာများအတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်လိုကြသော်လည်း ဒေသခံအများစုကမူ ကျေးရွာအတွင်းသို့ ဝင်ရောက်နေထိုင်လိုခြင်းမရှိကြောင်း သိရသည်။
“စစ်ကြောင်းတွေက ရွာတွေထဲမှာ ရှိနေတုန်းပဲ၊ ကျတော်တို့ကတော့ စစ်တပ်က ဝင်လို့ရတယ်ပြောလည်း မဝင်ပါဘူး။ ကျတော်တို့လည်း တစ်နေ့လုပ်မှ တစ်နေ့စားရတာပါ။ စစ်ရှောင်အထောက်အပံ့ကလည်း မရပါဘူး” ဟု မင်းတိုင်ပင်ကျေးရွာသားတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်တွင် စစ်ကော်မရှင်စစ်ကြောင်းက မင်းတိုင်ပင်ကျေးရွာနှင့် တဆက်တည်း တည်ရှိနေသည့် လက်ပုကန်ကျေးရွာများသို့ ဝင်ရောက်ကာ ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်တွင်လည်း စစ်ကော်မရှင်တပ်သားများက ပုလဲမြို့နယ်နှင့် နှစ်မိုင်ခန့်သာကွာဝေးသည့် သေတ္တရာကျေးရွာကို ဝင်ရောက်ကာ ပြည်သူပိုင် စားနပ်ရိက္ခာပစ္စည်းများကို ယူဆောင်သွားခဲ့သေးသည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်က ၄င်းတို့ လက်လွှတ်ခဲ့ရသည့် ကန့်ဒေါင့်စခန်းကို ပြန်လည်ရရှိရန် ပုလဲမြို့နယ်အတွင်းရှိ နေရာများကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိနေပြီး၊ အင်မထီးနှင့် ဇီးဖြူကုန်းပျူစောထီးကျေးရွာတို့တွင်လည်း စစ်အင်အားဖြည့်တင်းကာ ထိုးစစ်ဆင်ရန် ကြိုးပမ်းလျက်ရှိနေသည်။
စာတည်း-ကိုဆန်း
