ရေဖြူမြို့နယ်ထွေအုပ်နှင့် မြို့မရဲစခန်း၌ တပ်စွဲထားတဲ့ စစ်အုပ်စုစခန်းကို ဝင်တိုက်ပြီး မီးရှို့ခဲ့ဟုဆို

တနင်္သာရီတိုင်း၊ ရေဖြူမြို့ ရဲစခန်းနှင့် ထွေအုပ်ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ (ဒီဇင်ဘာလ ၁၂ ရက်)၊ နံနက် ၉ နာရီဝန်းကျင်ခန့်တွင် ရေဖြူမြို့နယ်အနောက်ဘက်ခြမ်း ရေဖြူရဲစခန်းနဲ့ မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးဝန်းအနီးတွင် တပ်စွဲထားသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“အဲဒီမှာ သူတို့အင်အား မများဘူး၊ သူတို့ဘက်က မထင်ထားဘူးထင်ပါတယ်။ ဝင်ပစ်တော့ သူတို့ဘက်နဲ့ တိုက်ပွဲ တော်တော်ကြာဖြစ်သွားတယ်၊ ထိခိုက်မှုတော်တော်များတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက MPAသို့ ပြောသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၃ နာရီကျော်ဖြစ်ပွားခဲ့ပြီးနောက် စခန်းနှစ်ခုစလုံးကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ယင်းနောက် စစ်တပ်ဘက်က လက်နက်ကြီးအပါအဝင် ထပ်မံစစ်ကြောင်းထိုးလာသည့်အတွက် တော်လှန်ရေး တပ်များက ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင်အများအပြားသေဆုံးမှု ရှိသော်လည်း အတိအကျကို မသိရသေးသလို သက်ဆိုင်ရာအဖွဲ့ဘက်က ထုတ်ပြန်ထားခြင်း မရှိသေးပေ။

တိုက်ပွဲနှင့်ပတ်သက်ပြီး ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း အသေးစိတ်ကို မသိရသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

“အဲဒီမှာ ရှိတဲ့ စခန်းနှစ်ခုစလုံးကို မီးရှို့ခဲ့တာ၊ သိမ်းပြီးတော့လေ၊ ပြီးတော့ ရေဖြူအနားက ၄၀၆ , ၄၀၇ တပ်ဘက်က လက်နက်ကြီးတောက်လျှောက်ပစ်နေတာပဲ” ဟု အထက်ပါစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မြို့ခံအချို့ပြောဆိုချက်အရ တိုက်ပွဲဖြစ်ပွားပြီးနောက် မြို့မရဲစခန်းတဝိုက်တွင် မီးခိုလုံးများ ထွက်နေပြီး မီးလောင်မှု အခြေအနေအသေးစိတ်ကို မသိရကြောင်း ဆိုသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားချိန်မှစပြီး စစ်တပ်ဘက်က မြို့အဝင်အထွက်များတွင် ဂိတ်ချပိတ်ပစ်ခဲ့ပြီး အရပ်သားအချို့ မြို့တွင်း ပိတ်မိခဲ့ကြောင်း သိရသည်။

“ဘယ်သူမှ အပြင်မထွက်ရဲကြဘူး၊ စစ်သားတွေ အများကြီးပဲဆိုတော့ လမ်းတော့ ပြန်ဖွင့်လိုက်ပြီပဲ ကြားတယ်၊ အခုတော့ ဘာအသံမှ မကြားရဘူး၊ ဘယ်သူမှလည်း မသွားရဲတော့ သေချာမသိရသေးဘူး” ဟု ရေဖြူမြို့ခံတစ်ဦးက ပြောသည်။

ယခုတိုက်ခိုက်မှုကို ဒေသအခြေစိုက်တော်လှန်ရေးတပ်များနှင့် မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲအတွင်း စစ်သုံ့ပန်းအချို့နဲ့ လက်နက်ခဲယမ်းများ ရရှိခဲ့သည်ဟု ပြောဆိုမှုများ ရှိနေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယခင်က ရေဖြူမြို့မရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့မှုများ ရှိကြောင်း သိရသည်။

စာတည်း-ကိုဆန်း