Kyodo News
ဂျပန်သတင်းထောက် ရှိအိုရီ အီတို၏ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရမှု အတွေ့အကြုံများကို အသေးစိတ်ဖော်ပြထားသည့် “Black Box Diaries” အမည်ရှိ မှတ်တမ်းရုပ်ရှင်ကို ရုပ်ရှင်ပွဲတော်တစ်ခုတွင် ယနေ့ ဒီဇင်ဘာ ၁၂ ရက်က ဂျပန်နိုင်ငံ၌ စတင်ပြသခဲ့သည်။
အော်စကာဆုအတွက် အမည်စာရင်းတင်သွင်းခံခဲ့ရသော အဆိုပါရုပ်ရှင်ကို တိုကျိုမြို့ရှိ ရုပ်ရှင်ရုံဝင်းတစ်ခု၌ ပြသခဲ့ရာ ယင်းရုပ်ရှင်သည် ခွင့်ပြုချက်မရှိဘဲ အချို့သော ပစ္စည်းများကို အသုံးပြုခဲ့မှုကြောင့် အငြင်းပွားမှုဖြစ်ပွားပြီးနောက် အချို့အပိုင်းများကို တည်းဖြတ်ပြင်ဆင်ပြသခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ပြင်ဆင်ခဲ့ရသည့်အတွက်လည်း အီတိုက တောင်းပန်ခဲ့သည်။
ယခုနှစ် အကယ်ဒမီဆုပေးပွဲ၌ အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆုအတွက် အမည်စာရင်းတင်သွင်းခံခဲ့ရသော အဆိုပါ မှတ်တမ်းရုပ်ရှင်သည် ၂၀၁၅ ခုနှစ်က တိုကျိုတွင် ညစာအတူစားပြီးနောက် သူမကို ယခင်တီဗီသတင်းထောက် နိုရီယူကီ ယာမာဂူချီက အဓမ္မပြုကျင့်ခဲ့သည်ဆိုသော အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်ပြီး ယာမာဂူချီကမူ ထိုစွပ်စွဲချက်ကို ငြင်းဆိုထားသည်။
သက်သေအထောက်အထား မလုံလောက်ခြင်းကြောင့် ယာမာဂူချီကို တရားစွဲဆိုရန် ရှေ့နေများက ငြင်းဆိုခဲ့ပြီးနောက် အီတိုသည် နစ်နာကြေးတောင်းဆိုမှု တရားစွဲဆိုခဲ့ကာ သူမ၏အတွေ့အကြုံများအကြောင်း စာအုပ်တစ်အုပ် ရေးသားခဲ့သည်။
ယင်းဖြစ်ရပ်သည် ဂျပန်နိုင်ငံ၏ #MeToo လှုပ်ရှားမှု၏ သင်္ကေတတစ်ရပ် ဖြစ်လာခဲ့သည်။
အီတိုသည် ယာမာဂူချီအပေါ် နစ်နာကြေးတောင်းဆိုမှုတွင် အနိုင်ရခဲ့ပြီး ခွင့်ပြုချက်မရှိဘဲ လိင်ဆက်ဆံမှု ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိသည့် တရားရုံးချုပ်၏ စီရင်ချက်ကို အပြီးသတ် အတည်ပြုခဲ့သည်။
ယင်းမှတ်တမ်းရုပ်ရှင်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလက အမေရိကန်တွင် ကျင်းပသည့် Sundance Film Festival တွင် စတင်ပြသပြီးနောက် ပြည်ပ၌ ကျယ်ကျယ်ပြန့်ပြန့် ပြသခဲ့သော်လည်း ဂျပန်တွင် ယခုအခါမှသာ ပြသခြင်းဖြစ်သည်။
