မော်လိုက်တွင် စစ်တပ်သိမ်းထားသည့် စခန်းကုန်းကို တော်လှန်ရေးတပ်များ ပြန်သိမ်း၊ အလောင်းနှင့် လက်နက်များ ထားခဲ့ကာ ထွက်ပြေး

ဓာတ်ပုံ - Mawlaik Revolution
ပုံစာ - သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းနှင့် အသုံးအဆောင်ပစ္စည်းများ။

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်တွင် စစ်တပ် သိမ်းပိုက်ထားသည့် စခန်းကုန်းတစ်ခုကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အလောင်းနှင့် လက်နက်များ ထားခဲ့ကာ ဆုတ်ပြေးသွားကြောင်း သိရသည်။

စစ်တပ်ထိုးစစ်ဆင် သိမ်းပိုက်ထားသည့် ဆွတ်နန်းရွာအနီးရှိ ရန်ကင်းတောင်စခန်းကုန်းကို ဒီဇင်ဘာ ၁၄ရက်၊ နေ့ခင်း ၁၁နာရီခန့်မှ စ၍ တော်လှန်ရေးတပ်ဖွဲ့များက ပြန်လည်တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၁၂နာရီခွဲခန့်တွင် စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း Mawlaik Revolution အဖွဲ့က သတင်းထုတ်ပြန်သည်။

” သူတို့ ကတုတ်တွေ၊ ဘန်ကာတွေ လုပ်နေတဲ့ချိန်ကိုဝင်တိုက်တာဆိုတော့ အငိုက်မိတယ်လို့ ထင် တယ်ဗျ။ အရင်က ကျနော်တို့ စခန်းကုန်းပါ။ ဒီဇင်ဘာလ ၉ရက်မှာထိုးစစ်ဆင်လာလို့ ဆုတ်ခွာ ထား ရတာကို ပြန်သိမ်းတာပါ” Mawlaik Revolutionအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ယင်းတိုက်ပွဲအပြီးတွင် စစ်သားအလောင်း ၆လောင်းကို တွေ့ခဲ့ပြီး ကျန်တပ်ဖွဲ့ဝင် ၃၀ကျော်တို့ ဆွတ်နန်းရွာသို့ ဆုတ်ခွာထွက်ပြေးသွားကြောင်းသိရသည်။

” စခန်းကုန်းပေါ်မှာက၃လောင်း၊ သူတို့ ဆုတ်ခွာသွာတဲ့လမ်းကြောင်းမှာ၃လောင်းပါ။ စခန်းကုန်းက အလောင်းတွေတော့ ကျနော်တို့ ရှင်းလင်းထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ရန်ကင်းတောင်စခန်းကုန်းနှင့် ဆွတ်နန်းရွာသည် မီတာ ၈၀၀သာ ကွာဝေးပြီး ဆုတ်ခွာထွက်ပြေး သွားသည့် စစ်သားများမှာ ယနေ့ (ဒီဇင်ဘာ ၁၅ရက်) နံနက် ၁၀နာရီခန့်အထိ ယင်းရွာထဲ၌ ရှိနေသေးကြောင်းသိရသည်။

ယင်းတိုက်ပွဲအပြီးတွင် ၁၂၂မမ ရှော့တိုက်ဒုံး ၇လုံး၊ MA1 သေနတ်တစ်လက်၊MA3 တစ်လက်၊ MA15 တစ်လက်၊G3 တစ်လက်၊ကျည်ဘောက်၁၃ ခု၊ကျည်မျိုးစုံ၁၂၀၀ နှင့် Jammerတစ်လုံး တို့ သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။

ရန်ကင်းတောင်စခန်းကုန်းတွင် စစ်သား ၄၀ခန့်ရှိကြောင်း သိရသည်။

စစ်သားများ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။