စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့တွင် စစ်တပ်ဗုံးကြဲမှုကြောင့် PDF ၃၀ ကျော် သေဆုံးဆိုသည့် အကြောင်းအရာ စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“Truth Media” တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာ ၁၃ ရက် ည ၈ နာရီခွဲတွင် ဒီပဲယင်း အနောက်ဘက်ခြမ်းရှိ PDF စခန်းကို စစ်တပ်က ဗုံးကြဲရှင်းလင်းရာ PDF ၂၀ ကျော် သေဆုံးခဲ့ကြောင်း၊ နောက်တစ်ကြိမ် ဗုံးထပ် ကြဲရာ ၁၀ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရသူများလည်း ရှိကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြထား သည်။
အဆိုပါအကြောင်းအရာကို “နေပြည်တော်၊ Snow Queen” အပြင် အခြား စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/OPWBE
နေပြည်တော် – https://archive.ph/n9XbB
Snow Queen – https://archive.ph/6RURN
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။
သတင်းစိစစ်ချက်
စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Lens ဖြင့် စစ်ဆေးကြည့်ရာ Mandalay Free Press က ဖော်ပြထားသော သတင်းဓာတ်ပုံများနှင့် ထပ်တူညီနေ သည်။
Mandalay Free Press တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ အင်ဘုတ်ကျေးရွာကို ဒီဇင်ဘာ ၁၃ ရက်၌ စစ်တပ်က ဂျက်ဖိုက်တာဖြင့် တစ်ကြိမ်၊ ပါရာမော်တာဖြင့် တစ်ကြိမ်လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုတွင် သေဆုံးဒဏ်ရာရသူ မရှိသော်လည်း လေကြောင်းအန္တရာယ်ကြောင့် နေရပ်စွန့်ခွာရန် ပြင် ဆင်နေကြကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/j0rK
Google တွင် “ဒီပဲယင်း အင်ဘုတ်ရွာ ဗုံးကြဲခံရ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ People’s Spring နှင့် New Day Myanmar တို့က သတင်းဖော်ပြထားသည်။
သတင်းမီဒီယာများတွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြိုနယ် အနောက်ခြမ်းရှိ အင်ဘုတ်ကျေးရွာကို စစ်တပ်က ဒီဇင်ဘာ ၁၃ ရက်၌ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက် ဒီပဲယင်း အရှေ့ ဘက်ခြမ်းရှိ မရကန်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၉ ဦး သေဆုံးခဲ့ကြောင်း၊ ယခု ဒီဇင်ဘာ ၁၃ ရက် တိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးသူ မရှိကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
People’s Spring – https://bitly.cx/LvUZi
New Day Myanmar – https://bitly.cx/p6WR
သုံးသပ်ချက်
သတင်းမီဒီယာများတွင် ဒီဇင်ဘာ ၁၃ ရက်၌ ဒီပဲယင်းမြို့နယ်ရှိ အင်ဘုတ်ရွာကို လေကြောင်းမှ စစ်တပ်ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း လူထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း ရေးသားထားသည်။
ဗုံးကြဲခဲ့သော နေရာသည် PDF စခန်းမဟုတ်ဘဲ အရပ်သားနေထိုင်ရာ ရွာဖြစ်သည်။ တယ်လီဂရမ် ချန်နယ်များတွင် ပျံ့နှံ့နေသော ဓာတ်ပုံများမှာလည်း ဒီဇင်ဘာ ၅ ရက်၌ ဒီပဲယင်း မရကန်ရွာ လေကြောင်း တိုက်ခိုက်ခံရမှု ဓာတ်ပုံများဖြစ်သည်။
ထို့ကြောင့် စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “ ဒီပဲယင်း အနောက်ဘက်ခြမ်းရှိ PDF စခန်းကို ဗုံးကြဲရှင်းလင်းရာ PDF ၃၀ ကျော် သေဆုံး” ဆိုသော အကြောင်းအရာသည် သတင်းအမှား ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
